ပဲခူး ဒီဇင်ဘာ ၁၉
ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းဦးဆောင်၍ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၇/၂၀၂၄) ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့် ဒေသတစ်ခုဖြစ်၍ စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အရှိန်အဟုန်ဖြင့် ထုတ်ကုန် ၂ ဆ တိုးတက်အောင် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ စံပြမွေးမြူရေးခြံများ၊ မွေးမြူရေးဇုန်များ ဖော်ဆောင်သွားရမှာဖြစ်ကြောင်း၊ ဒေသဝက်၊ ဒေသကြက်၊ ဒေသဘဲနှင့် ဒေသနွားတို့ကိုလည်း ဒေသအစာကျွေးပြီး ခြံလှောင်စနစ်ဖြင့် မွေးမြူသွားရမှာဖြစ်ကြောင်း၊ နှစ်သီးသာစိုက်ပျိုးနိုင်သည့် မြေနေရာများတွင် မဖြစ်မနေ စားဖိုဆောင်သီးနှံ ကြက်သွန်၊ ငရုတ်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးနိုင်ရေး ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ဓါတ်မြေဩဇာသွင်းအားစုလျှော့ချသုံးစွဲနိုင်ရန် မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရေး ပဲလွန်းနှင့် ပိုက်ဆံလျှော်စိုက်ပျိုးရမှာဖြစ်ပြီး စိုက်ပျိုးရေချွေတာ၍ စနစ်တကျသုံးစွဲနိုင်ရေး သက်ဆိုင်ရာစိုက်ပျိုးရေးလုပ်ငန်း ကြီးကြပ်မှုအဖွဲ့များက ကွင်းဆင်းစိစစ်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ သဘာဝဘေးနှင့်ပတ်သက်၍ ထိခိုက်ပျက်စီးခဲ့သည့် သီးနှံများအတွက် စိုက်ပျိုးထုတ်လုပ်မှု လျှော့နည်းမှုမရှိစေရေး ဆောင်းသီးနှံနှင့် နွေစပါးတိုးချဲ့စိုက်ပျိုးမည့် စီမံချက်များအတိုင်း အောင်မြင်အောင် ဆောင်ရွက်သွားရမှာဖြစ်ကြောင်းနှင့် အဓိကသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိပြီးသီးနှံများ ဆက်လက်ရရှိရေးနှင့် ထပ်မံ၍ အမယ်သစ်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးစားဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက မြို့နယ်အလိုက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များအား Power Point ဖြင့်လည်းကောင်း၊ ခရိုင်/ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးများက စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်း ပြည့်မီစေရေး ဆောင်ရွက်သွားမည့် အစီအမံများအားလည်းကောင်း အသီးသီးရှင်းလင်းတင်ပြခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြားရေးမှူးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၏ လမ်းညွှန်ချက်များအား ဖတ်ကြားရှင်းလင်းခဲ့သည်။
ယင်းနောက် တင်ပြချက်များနှင့်ပတ်သက်၍ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သောင်းထိုက်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး အကြံပြုတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်း ပြည့်မီစေရေး၊ သီးထပ်စွမ်းအားနှင့် သီးနှံစိုက်စွမ်းအား တိုးတက်စေရေး၊ ဒေသအလိုက် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး လိုအပ်သည်များ အသေးစိတ်လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)