ဒီးမော့ဆို နိုဝင်ဘာ ၂၉
ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလတွင် စီးပွားရေးကုစားမှု (CERP) အစီအစဉ်ဖြင့် စိုက်ပျိုးထားသည့် မိုးစပါး မျိုးစေ့ထုတ် စိုက်ခင်းစံကွက် ရိတ်သိမ်းခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် နန်းမယ်ခုံမြို့ ၊ ခေါ်ခုကယား ရပ်ကွက်နေ တောင်သူ ဦးဖရေးရယ်၏ လယ်မြေ၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ စံကွက်ရိတ်သိမ်းရာတွင် ဒီးမော့ဆိုမြို့နယ် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးစိုးပိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးမှူး ဦးသန်းထွန်းဦးနှင့် ဝန်ထမ်းများ၊ ဒေသခံ တောင်သူများ ပူးပေါင်း ပါဝင်ပြီး တောင်သူ ဦးဖရေးရယ်၏ လယ်မြေမှ စိုက်ပျိုးထားသည့် ရွှေရင်အေးစပါးမျိုး စံကွက်အား ရိတ်သိမ်းရာ တစ်ဧက (၁၁၂.၅၀) တင်း ထွက်ရှိလျက်ရှိကြောင်းနှင့် ထွက်ရှိလာသည့် စပါးများအား စနစ်တကျ အခြောက်လှန်း သန့်စင်၍ နောက်နှစ်မိုးရာသီတွင် ပြန်လည်စိုက်ပျိုးနိုင်ရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများကို ရိတ်သိမ်းချိန်လွန်နည်းပညာများ အသိပညာပေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ကာလတွင် စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ တောင်သူများအနေဖြင့် တစ်ဖက်တစ်လှမ်းမှ အထောက်အကူ ပြုစေရန် ရည်ရွယ်၍ မျိုးစေ့၊ မျိုးကွဲနုတ်ပယ်ခြင်း၊ မျိုးစေ့ ထုတ်လုပ်ခြင်းနှင့် မြေယာပြုပြင်ခြင်း တို့အတွက် လယ်တစ်ဧကလျှင် (၁၄၈၅၀၀) ကျပ် နှုန်းဖြင့် တောင်သူများကို ထောက်ပံ့ပေးလျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။
ကြီးဒဲရယ်