တိုင်းဒေသကြီးလယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၁/၂၀၂၄) ကျင်းပပြုလုပ်

ပဲခူး ဒီဇင်ဘာ ၁၄

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ဒီဇင်ဘာလ(၁၃)ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးလယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၄) ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ တိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအတွင်း လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများနစ်နာမှုမရှိစရေးအတွက် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ရခြင်းဖြစ်၍ တိုင်းဒေသကြီးကော်မတီအနေဖြင့် ပိတ်သိမ်းသင့်သည့်အမှုတွဲများ အပြီးသတ်ပိတ်သိမ်းနိုင်ရေးနှင့် သိမ်းဆည်းခံ မူလပိုင်ရှင်များထံ လက်ဝယ်ပြန်လည်ရရှိရေး ချမှတ်ထားသည့် မူဝါဒ(၅၂)ချက်နှင့်အညီ စိစစ်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ပြန်လည်စွန့်လွှတ်သည့် မြေများအား သက်ဆိုင်သူလက်ဝယ်သို့ လုပ်ငန်းစဉ်(၉)ရပ်နှင့်အညီ ဆောင်ရွက်သွားရမှာဖြစ်ပြီး သိမ်းဆည်းခံလယ်ယာမြေနှင့် အခြားမြေများ ပြန်လည်လျှောက်ထားမှုများနှင့်ပတ်သက်၍ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်နေ့ နောက်ပိုင်း မြေသိမ်းဆည်းမှုများကိုသာ စိစစ်ဖြေရှင်းပေးရမှာဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အဆင့်ဆင့်သော စိစစ်ရေးကော်မတီဝင်များသည် ပြဋ္ဌာန်းထားပြီးဖြစ်သော ဥပဒေလုပ်ထုံးလုပ်နည်းများအတိုင်း သမာသမတ်ကျကျ စိစစ်ဆောင်ရွက်ပေးရန် အရေးကြီးကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ တွဲဖက်အတွင်းရေးမှူး၊ တိုင်းဒေသကြီးလယ်ယာမြေနှင့်စာရင်းအင်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက သိမ်းဆည်းခံလယ်ယာမြေများနှင့်ပတ်သက်၍ အောက်ခြေအဆင့်ထိ ဖြေရှင်းဆောင်ရွက်ပြီးဖြစ်သည့် အမှုတွဲ (၄၈) တွဲအား ပိတ်သိမ်းနိုင်ရေး ကွင်းဆင်းစိစစ်ချက်၊ သုံးသပ်ချက်နှင့် အကြံပြုချက်များအား Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့ကြသည်။

ယင်းနောက် တက်ရောက်လာသည့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များက တင်ပြစာပါအမှုတွဲ (၄၈) တွဲ၏ အောက်ခြေမြေပြင်တွင် ကွင်းဆင်းဖြေရှင်းဆောင်ရွက်ပြီးစီးမှုအခြေအနေများအား သုံးသပ်တင်ပြခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)