တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် မိုးစပါးစံကွက် ရိတ်သိမ်းပွဲအခမ်းအနားနှင့် လယ်ကိုင်း-ကျောင်းတော်ရာ ကတ္တရာလမ်း ထပ်ပိုးလွှာခင်းခြင်းအား ကွင်းဆင်းစစ်ဆေး

ပွင့်ဖြူ ဒီဇင်ဘာ ၁၃

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများသည်  ပွင့်ဖြူမြို့နယ် ကန်ဆွယ်ကျေးရွာမှ ၂၀၂၄-၂၀၂၅ မိုးစပါး (ဧရာမင်း)စံကွက် ရိတ်သိမ်းပွဲအခမ်းအနားနှင့် လယ်ကိုင်း-ကျောင်းတော်ရာ ကတ္တရာလမ်း ထပ်ပိုးလွှာခင်းခြင်းအား ယမန်နေ့ နံနက် ၁၀ နာရီက ကွင်းဆင်း၍ စစ်ဆေးကြည့်ရှုခဲ့ကြသည်။

ဦးစွာ ပွင့်ဖြူမြို့နယ်၊ ကန်ဆွယ်ကျေးရွာ ကွင်းအမှတ် ၉၅၇၊ ဦးပိုင်အမှတ် ၉၁ မှ တောင်သူ ဦးမြသောင်းပါ (၄) ဦး၏ ဧရာမင်းစပါး (၁၀) ဧက စံကွက်ရိတ်သိမ်းပွဲအား ကြည့်ရှုစစ်ဆေးခဲ့ရာ တစ်ဧက ပျမ်းမျှအထွက်နှုန်း အစိုထွက် ၁၁၃ တင်းနှင့် အခြောက်ထွက် ၁၀၁ တင်း ထွက်ရှိကြောင်း သိရသည်။

အဆိုပါ စပါးစံကွက်ရိတ်သိမ်းပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများအား ပွင်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပွင့်ဖြူမြို့နယ်အနေဖြင့် ယခုနှစ်မိုးသီးနှံများကို အသားတင်စိုက်၊ သီးထပ်၊ သီးညှပ်စိုက်ပျိုးမှုများနှင့် တစ်သီး၊ နှစ်သီး၊ သုံးသီးစသော စိုက်ပျိုးမှု အခြေအနေများကိုရှင်းလင်းတင်ပြပြီး လယ်ကိုင်း၊ ကျောင်းတော်ရာ၊ ရွာသစ်ကုန်း၊ ထနှောင်းကုန်းစသောကျေးရွာများမှ တောင်သူများက မိမိတို့စိုက်ပျိုးကြသည့် သီးနှံများနှင့် ထွက်ရှိပုံများကို အသီးသီးတင်ပြကြသည်။ ဝန်ကြီးချုပ်က တောင်သူများ၏ တင်ပြချက်များကို ပြန်လည်ဆွေးနွေး ဖြေရှင်းပေးကြောင်း သိရသည်။

ဆက်လက်ပြီး လယ်ကိုင်း-ကျောင်းတော်ရာ မိုင်တိုင် ၀/၀-၄/၂=၄ မိုင် ၂ ဖာလုံအား ပွင့်ဖြူမြို့နယ် လမ်းဦးစီးဌာနမှ ကတ္တရာထပ်ပိုးလွှာခင်းခြင်းကိုရောက်ရှိကြရာ မင်းဘူးမြို့ ခရိုင်လမ်းဦးစီးမှူး ဒေါ်ဥမ္မာလှိုင်က ကတ္တရာထပ်ပိုးလွှာခင်းခြင်း၊ ကျောက်စီခြင်း၊ ရေမြောင်းတည်ဆောက်ခြင်း၊ မြေထိန်းနံရံများနှင့် Box Culvert တည်ဆောက်ခြင်းများကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်း ၉၂၅ ဒသမ ၂၂၄ သန်းနှင့် တိုင်းဒေသကြီး ပြင်ထိန်းငွေ ၉၇ ဒသမ ၄၇၅ သန်း စုစုပေါင်း ၁၀၂၂ ဒသမ ၆၉၉ သန်းဖြင့် ကတ္တရာ ထပ်ပိုးလွှာခင်းခြင်း အခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တင်ပြမှုများအပေါ်လိုအပ်သည်များ ဖြည်စွက်ဆွေးနွေးမှာကြားခဲ့ကြောင်း  သိရသည်။

ဇေယျာနိုင်(ရွှေကန်မြေ)