မင်းဘူး ဒီဇင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၌ (၇၇)မြောက် လွတ်လပ်ရေးနေ့ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၂ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ဦးအေးလွင်က လွတ်လပ်ရေးနေ့ ကျင်းပခြင်းနှင့်စပ်လျဉ်း၍ ဦးစွာပြောကြားပြီး၊ လုံခြုံရေးဆပ်ကော်မတီဥက္ကဋ္ဌ ခရိုင်ရဲမှူး ဒုတိယရဲမှူးကြီးမောင်မောင်က ခရိုင်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်ပြီး အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဒေါ်နှင်းယုဇမ်ကိုယ်စား ဒုတိယဥက္ကဋ္ဌ ခရိုင်ပညာရေးမှူး ဒေါက်တာရဲညွန့်က ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ချောတိုင်တက်၊ မီတာ ၁၀၀၊ မီတာ ၂၀၀ အပြေး ပြိုင်ပွဲများနှင့် လွန်ဆွဲပွဲများ အပါအဝင် အားကစားပြိုင်ပွဲ အမျိုးအစားပေါင်း (၁၁) မျိုးကို ထည့်သွင်းကျင်းပကာ ဒီဇင်ဘာ ၃၁ ရက်နေ့မှ စတင်ယှဥ်ပြိုင်ကြမှာဖြစ်ကာ ဇန်နဝါရီ ၄ ရက်နေ့တွင် ဆုများ ပေးအပ်ချီးမြှင့်သွားမှာဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသော ကော်မတီဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များက အလံတင်အခမ်းအနား၊ ဆုပေးပွဲစသော မိမိတို့၏ အခန်းကဏ္ဍများအလိုက် အသီးသီးဆွေးနွေးတင်ပြကြရာ ဦးစီးကော်မတီဥက္ကဋ္ဌ ဦးအေးလွင်က ကော်မတီအဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း၍ လွတ်လပ်ရေးနေ့ကျင်းပမည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဇေယျာနိုင်(ရွှေကန်မြေ)