နတ်မောက် ဒီဇင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မီးသတ်ဦးစီးဌာနမှ အများပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရန်နှင့် မီးဘေးအန္တရာယ်သတိရှိစေရန်ရည်ရွယ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ယမန်နေ့ နေ့လယ်ပိုင်းက မြို့ပေါ်(၇)ရပ်ကွက်သို့ အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ အသိပညာပေးဆောင်ရွက်ရာတွင် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပွားစေရေး မီးဘေးသတိရှိစေရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဘက်ပေါင်းစုံမှဆောင်ရွက်လျက်ရှိရာ ပြည်သူများအနေဖြင့် နေအိမ်များတွင် မီးသတိပြုရန် မီးဘေးအန္တရာယ်ကာကွယ်ရန်အတွက် မီးချိန်၊ မီးကပ်၊ သဲပုံး၊ ရေပုံများနှင့် မီးသတ်ဆေးဘူးများ အဆင်သင့်ထားရှိရန်၊ လျှပ်စစ်မီးအသုံးပြုရာတွင် မီးဘေးလုံခြုံရေးအတွက် အလေးထားလိုက်နာဆောင်ရွက်ကြရန်၊ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက သက်ဆိုင်ရာတာဝန်ရှိသူများထံ အချိန်နှင့်တစ်ပြေးညီ သတင်းပို့ဆောင်ရွက်ကြရန်စသည့်အကြောင်းအရာများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်ရှိလမ်းဆုံများတွင် မီးသတ်မော်တော်ယာဉ်ဖြင့် လိုက်လံသတိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လှဝင်း