အိမ်မဲ ဒီဇင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဦးဆောင်လမ်းညွှန်မှုဖြင့် ကျောင်းကျန်းမာရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေး စကားဝိုင်းကို အ.ထ.က(ခွဲ)တကောတွင် ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါစကားဝိုင်းတွင် ဦးဆောင်လမ်းဆွေးနွေးသူအဖြစ် အင်းမကျေးလက်ကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေး ဆရာမဒေါ်လှိုင်နွယ်နွယ်ထွန်းမှ ဆောင်ရွက်ခဲ့ပြီး ကျောင်းကျန်းမာရေးအဆင့်မြင့် လုပ်ငန်းစဉ်(၉)ရပ်နှင့်ပတ်သက်၍ ဆွေးနွေးခဲ့သည်။ ထို့နောက် အထကခွဲတကောမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရည်မွန်ဇော်က ကျောင်းတွင်းကူးစက်ရောဂါကာကွယ်ရေးနှင့် ကာယလုပ်ငန်းများအကြောင်း ဆွေးနွေးခဲ့ပြီး တကောအုပ်ချုပ်ရေးမှူး ဦးကျော်လင်းအောင်က တကောကျေးရွာတွင် Green and Clean လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးတွင် ပူးပေါင်းပါဝင်ဆောင်ရွက်မှုများအကြောင်းတို့ကို အသီးသီးဆွေးနွေးခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသူများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးပြီး ကျောင်းကျန်းမာရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေး စကားဝိုင်းကို ကျောင်းသား/သူများ၊ ကျောင်းအကျိုးတော်ဆောင်ကော်မတီများ၊ ကျောင်းသားမိဘများ အင်အား(၁၀၀)ခန့် တက်ရောက်ခဲ့သည်။
“ဗလငါးတန်ဖွံ့ဖြိုးရေး ကျောင်းကျန်းမာရေးအလေးပေး”ဟူသော ဆောင်ပုဒ်နှင့်အညီ ကျောင်းသား/သူများမှာ စာတော်နေရုံသာမကဘဲ ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုဘဝပုံစံများ စွဲမြဲကျင့်သုံးတတ်စေရန် ကျောင်းနေအရွယ်မှစ၍ လေ့ကျင့်ပြုစုပျိုးထောင်သင့်ကြောင်းနှင့် ကျန်းမာရေးအသိပညာမြင့်မားသော ကျောင်းသား/သူများဖြစ်စေရန်ရည်ရွယ်၍ ယခုစကားဝိုင်းအား ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ချစ်သက်လယ် (အိမ်မဲပြန်/ဆက်)