ကန့်ဘလူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံသီးနှံ ၈၉၂၇၂ ဧက စိုက်ပျိုးပြီးစီး

ကန့်ဘလူ ဒီဇင်ဘာ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံသီးနှံများဖြစ်သည့် မတ်ပဲ၊ ပဲတီစိမ်း၊ ထောပတ်ပဲ၊ စွန်တာနီ၊ စွန်တာပြာ၊ ကုလားပဲ၊ ပဲကြီး၊ စားတော်ပဲ၊ ပဲလွမ်းနှင့် အခြားပဲ ၉၇၁၃၇ ဧကကို စိုက်ပျိုးရန်လျာထားပြီး စက်တင်ဘာ/အောက်တိုဘာလများက စတင်စိုက်ပျိုးခဲ့ရာ ယခုအခါ ပဲမျိုးစုံသီးနှံ ၈၉၂၇၂ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကန့်ဘလူမြို့နယ်အတွင်း ဆောင်းသီးနှံပဲမျိုးစုံအနေဖြင့် ဧက ၉၀၀၀၀ ကျော် စိုက်ပျိုးရန်လျာထားခဲ့ရာ ယနေ့အထိ ၈၉၀၀၀ ဧကကျော် စိုက်ပျိုးပြီးစီးခဲ့ပြီး လျာထားဧက ပြည့်မီကျော်လွန်စိုက်ပျိုးနိုင်ရေးအတွက် ဒေသခံတောင်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ ဝင်ငွေတိုးတက်ရရှိရေးနှင့် ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် ပဲမျိုးစုံအထွက်ကောင်း မျိုးကောင်းမျိုးသန့်များကို သုံးစွဲရေး၊ စိုက်စနစ်မှန်ကန်ရေး၊ ဒေသထွက်ဓာတ်မြေဩဇာများ အချိုးကျသုံးစွဲနိုင်ရေးတို့အတွက်လည်း​ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့အပြင် ရေလိုအပ်ချက်နည်းသည့် ပဲမျိုးစုံသီးနှံများ စီးပွားဖြစ်စိုက်ပျိုးနိုင်ရေး၊ ပဲမျိုးစုံသီးနှံ အရည်အသွေးကောင်းရရှိရေး၊ စျေးကွက်ဝင်ပဲမျိုးများ စိုက်ပျိုးနိုင်ရေး၊ နောက်ဆုံးပေါ်နည်းပညာများ ရယူသုံးစွဲနိုင်ရေးတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပဲမျိုးစုံသီးနှံ စိုက်ပျိုးမှုအနေဖြင့် ၈၉၀၀၀ ဧကကျော် စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကန့်ဘလူမြို့နယ်တွင် ဆောင်းသီးနှံများဖြစ်သည့် ပဲမျိုးစုံ စိုက်ပျိုးပြီးစီးမှုအနေဖြင့် မတ်ပဲ ၃၈၅၄၄ ဧက၊ ပဲတီစိမ်း ၂၂၂၁၄ ဧက၊ ထောပတ်ပဲ ၃၇၉၇ ဧက၊ စွန်တာနီ ၁၃၉၃ ဧက၊ စွန်တာပြာ ၇၂၁၉ ဧက၊ ကုလားပဲ ၂၄၂၉ ဧက၊ ပဲကြီး ၁၇၁ ဧက၊ စားတော်ပဲ ၈၅၇၁ ဧက၊ ပဲလွမ်း ၂၃၉၅ ဧကနှင့် အခြားပဲ ၂၅၉၃ ဧက စုစုပေါင်း ၈၉၂၇၂ ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် မိသားစုစားဝတ်နေရေး ပြေလည်စေရေးအပြင် စားရေရိက္ခာများ ဖူလုံစေရေးအတွက် စပါး၊ ပဲ၊ နှမ်း၊ မြေပဲ၊ နေကြာ၊ စားဖိုဆောင်သီးနှံ ဟင်းသီးဟင်းရွက် စသည့်သီးနှံမျိုးစုံတို့ကို ရာသီအလိုက် စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)