ကျောင်းကုန်းမြို့နယ် ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ချောင်ကြီးတိုက်နယ်ဆေးရုံ၌ ကွင်းဆင်းဆေးကုသပေး

ကျောင်းကုန်း ဒီဇင်ဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများအဖွဲ့သည် ချောင်ကြီးတိုက်နယ်ဆေးရုံ၌ ဒေသခံပြည်သူများအား ယမန်နေ့နံနက် ၉ နာရီအချိန်ခန့်က ကွင်းဆင်းဆေးကုသပေးခဲ့ကြသည်။

ကွင်းဆင်းဆေးကုသရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအေးနိုင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မြစန္ဒာညိုနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက လိုက်လံကြည့်ရှုကာ အားပေးစကားပြောကြားခဲ့ကြသည်။

အဆိုပါ ကွင်းဆင်းကုသမှုအစီအစဉ်တွင် အထွေထွေရောဂါအထူးကုလူနာ(၄၅)ဦး၊ ခွဲစိတ်လူနာ(၄)ဦး၊ သားဖွားမီးယပ်လူနာ(၁၃)ဦး၊ အရိုးနှင့်ထိခိုက်ဒဏ်ရာလူနာ(၃၅)ဦး၊ ဓါတ်မှန်ရိုက်လူနာ(၃၀)ဦး၊ သွားနှင့်ခံတွင်းလူနာ(၆)ဦး၊ ကလေးလူနာ(၄)ဦး၊ စုစုပေါင်းလူနာ(၁၃၇)ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး၊ ကွင်းဆင်းစဉ်အတွင်း အရိုးအကြောအဆစ်လူနာ(၃)ဦးကို ချက်ခြင်းခွဲစိတ်ကုသပေးခဲ့ပြီး ကျောင်းကုန်းမြို့နယ် ပြည်သူ့ဆေးရုံကြီး၌ လိုအပ်သောကုသမှုများ ဆက်လက်ဆောင်ရွက်နိုင်ရန် လူနာ(၁၁)ဦးတို့အား ညွှန်းပို့စီစဉ်ခြင်းများ ဆောင်ရွက်ပေးခဲ့သည်။ အလားတူ ဒေါင့်ကြီးတိုက်နယ်ဆေးရုံနှင့် ဝက်ချောင်းတိုက်နယ်ဆေးရုံတို့တွင်လည်း ဆက်လက်ကွင်းဆင်း ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းကြိုင် (ပြန်/ဆက်)