ပေါင်းတည်၌ ဟင်းသီးဟင်းရွက်များဈေးကောင်းရရှိကာ စိုက်ပျိုးသူများဝင်ငွေတိုး၍ အဆင်ပြေလျက်ရှိ

ပေါင်းတည် ဒီဇင်ဘာ ၁၂

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်ရှိ ဟင်းသီးဟင်းရွက်စိုက်ပျိုးသူတောင်သူများနှင့် ခြံဝိုင်းများတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားရှိသူများသည် ဟင်းသီးဟင်းရွက်မျိုးစုံကို ရာသီအလိုက် စိုက်ပျိုးရောင်းချလျက်ရှိရာ ဈေးကောင်းရရှိ၍  မိသားစုစီးပွားရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ယခုနှစ်တွင် မြို့နယ်အတွင်း ဟင်းသီးဟင်းရွက် ၁၂၀၉၇ ဧက စိုက်ပျိုးထားကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှသိရပြီး တောင်သူများအနေဖြင့် သီးထပ်စွမ်းအား၊ စိုက်စွမ်းအားတိုးမြှင့်ကာ စားနပ်ရိက္ခာဖူလုံရေး အပိုဝင်ငွေရရှိရေးအတွက် သီးထပ်သီးညှပ်များ ပိုမိုစိုက်ပျိုးလာကြ​ကြောင်း၊ ထိုသို့စိုက်ပျိုးရာ၌ ခရမ်း၊ ချဉ်ပေါင်၊ ကန်စွန်း၊ ရုံးပတီ၊ မုန်လာ၊ ပဲတောင့်ရှည်နှင့် သခွားပင်များကို အိမ်ခြံဝိုင်းမြေလွတ်နေရာများတွင် စိုက်ပျိုးခြင်း၊ လယ်ကန်သင်းဘောင်များနှင့် လယ်ယာစိုက်ပျိုးမြေများတွင် ကြားညှပ်သီးနှံအဖြစ် ရောနှောစိုက်ပျိုးကြ​ကြောင်းသိရသည်။ ရာသီအလိုက် စိုက်ပျိုးထားသည့် ဟင်းသီးဟင်းရွက်များသည် အချိန်တိုအတွင်း ခူးဆွတ်ရောင်းချလျက်ရှိပြီး ယခုဆောင်းဦးကာလ၌ ပန်းဂေါ်ဖီတစ်ပွင့် ၁၀၀၀ ကျပ်၊ ခရမ်းသီးတစ်တွဲ ၁၀၀၀ ကျပ်၊ ချဉ်ပေါင်နှင့် ကန်စွန်းရွက်တစ်စီး ၅၀၀ ကျပ်၊ ပဲတောင့်ရှည်တစ်စီး ၈၀၀ကျပ်နှင့် ရုံးပတီတစ်စီး ၅၀၀ ကျပ်၊ မုန်လာဥတစ်စီး ၈၀၀ ကျပ်၊  သခွားသီးများမှာ  ၅၀၀ ကျပ်မှ ၁၀၀၀ ကျပ်အထိ ရရှိကြကြောင်း တောင်သူတစ်ဦးထံမှသိရသည်။

အဆိုပါ ထွက်ရှိသမျှ ဟင်းသီးဟင်းရွက်များကို မိမိတို့အိမ်ရှေ့၌ စျေးနှုန်းချိုသာသော ပင်ရင်းစျေးဖြင့်လည်းကောင်း၊ ဒေသခံကုန်စိမ်းဒိုင်များသို့လည်းကောင်း၊ အရုဏ်စျေး၊ ညစျေးနှင့် ရွေ့လျားဈေးသည်များအားလည်းကောင်း ရောင်းချ၍ အပိုဝင်ငွေများရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ရွှေသား (ပြန်/ဆက်)