ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ဒေသတွင်းစားရေရိက္ခာဖူလုံပိုလျှံရေး မွေးမြူရေးခြံများအား ကြည့်ရှုအားပေး

ဘားအံ ဒီဇင်ဘာ ၁၂

ကရင်ပြည်နယ်အတွင်း မွေးမြူရေးလုပ်ငန်းများကို ဒေသဝမ်းစာဖူလုံရေးနှင့်စားရေရိက္ခာဖူလုံပိုလျှံရေးအတွက် တောင်သူများက တစ်ပိုင်တစ်နိုင်နှင့်စီးပွားဖြစ်မွေးမြူလုပ်ကိုင်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် လှာကဒေါင်ကျေးရွာအုပ်စုရှိ မွေးမြူရေးဇုန်နှင့်မွေးမြူရေးခြံများအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဘားအံမြို့နယ်၊ လှာကဒေါင်ကျေးရွာအုပ်စု၊ ရေကျော်ကျေးရွာရှိ တောင်သူဦးညွှန့်အေးနှင့်မိသားစုဝင်များ မွေးမြူထားသော ဒေသနွား ၃၉ ကောင်မွေးမြူထားရှိမှုကို သွားရောက်ကြည့်ရှုအားပေးပြီး မေထုန်မဲ့သားစပ်နည်းဖြင့် မျိုးကောင်းမျိုးသန့်များအစားထိုးမွေးမြူနိုင်ရေး၊ နိုင်ငံ့စီပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တိုးချဲ့မွေးမြူထုတ်လုပ်နိုင်ရေး ဆွေးနွေးပြောကြားကာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အခမဲ့ထောက်ပံ့သည့် အာဟာရဆားခဲများကို ထောက်ပံ့ပေးအပ်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လှာကဒေါင်ကျေးရွာအုပ်စု၊ လှာကဒေါင်မွေးမြူရေးဇုန်ရှိ မွေးမြူရေးတောင်သူများနှင့် ရှင်းလင်းဆောင်၌ တွေ့ဆုံရာ ပြည်နယ်ဝန်ကြီးချုပ်က တောင်သူများ၏ အခက်အခဲ၊ လိုအပ်ချက်များကို မေးမြန်းဆွေးနွေးပြီး တောင်သူလိုအပ်ချက်များကို သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ မွေးမြူရေးတောင်သူများအား တိရစ္ဆာန်ဆေးဝါးများ ထောက်ပံ့ပေးအပ်သည်။

လှာကဒေါင်မွေးမြူရေးဇုန်တွင် ဥစားကြက်ခြံ (၁၀) ခြံ၌ ကောင်ရေ ၁၂၀၅၀ ကောင်၊ ဒေသကြက် (၆၄) ခြံ၌ ကောင်ရေ ၂၇၃၆ ကောင်၊ ဝက်(၄၉) ခြံ၌ ကောင်ရေ ၂၉၁ ကောင်၊ ဆိတ် ၃၈ ခြံ၌ ကောင်ရေ ၃၂၂ ကောင်၊ နွား ၆၀ ခြံ၌ ကောင်ရေ ၃၁၈ ကောင်၊ မန်ဒါလီ ၁ ခြံ ကောင်ရေ ၆၅ ကောင်တို့ကို မွေးမြူထားရှိပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်သူဦးစူလမန်၏ အသားစားနွား ၁၈ ကောင်မွေးမြူရေးခြံ၊ တောင်သူဒေါ်မြမြစန်း၏ ဥစားကြက်ကောင်ရေ ၆၀၀၀ မွေးမြူရေးခြံ၊ တောင်သူဦးဝင်းခိုင်၏ အသားတိုးဝက် ၃၈ ကောင်မွေးမြူရေးခြံတို့အား လှည့်လည် ကြည့်ရှုအားပေးပြီး မွေးမြူရေးထုတ်ကုန်များ တိုးမြှင့်မွေးမြူထုတ်လုပ်နိုင်ရေး တာဝန်ရှိသူများအား မှာကြားကာ တောင်သူလိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ မြို့ကျက်သရေဆောင် ကြာအင်းတောင်ခြေ၌ တည်ဆောက်လျက်ရှိသော သာသနာ့ဝေစည်ဓမ္မဗိမာန်တော်ကြီး တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်၍ သာသနာ့ဝေစည်ဓမ္မဗိမာန်တော်ကြီးတွင် အသုံးပြုရန် ရေဂါလံ ၂၀၀၀၀ (နှစ်သောင်း)ဆံ့အမြင့်တင်ရေကန် ၁၀၀ ရာခိုင်နှုန်း တည်ဆောက်ပြီးစီးမှုနှင့် ဓမ္မဗိမာန်တော်ကြီး ၅၀ ရာခိုင်နှုန်းကျော် တည်ဆောက်ပြီးစီးမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ယာဉ်ရပ်နားရာ ၂ ထပ်ကားပါကင်၊  သာသနာ့ဗိမာန်တော်ကြီး (၄) ထပ် ပင်မအဆောက်အဦနှင့် အခြားဆက်စပ်လုပ်ငန်းများ သတ်မှတ်စံချိန်စံနှုန်းများနှင့်အညီ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)