ပိုင်ကျုံ ဒီဇင်ဘာ ၁၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ အမှတ် (၁) ရပ်ကွက်ရှိ အ.မ.က နို့ထို့ခေးကျောင်း၌ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ပြသဆောင်ရွက်ခြင်းကို ဒီဇင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲ (၂) နာရီအချိန်တွင် နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နော်ခူးခူးက အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ကျောင်းသား/သူများ မြန်မာနိုင်ငံ၏ သမိုင်းကြောင်းများကိုသိရှိစေရန်၊ နေ့ထူးနေ့မြတ်များကို အစဉ်အမြဲအောက်မေ့သတိရစေရန်နှင့် အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ သမိုင်းတွင် နေ့ထူးနေ့မြတ်များစွာရှိသည့်အနက် လွတ်လပ်ရေးနေ့သည် အမျိုးသားရေးစိတ်ဓာတ်ကို မြှင့်တင်ပေးသည့် နေ့ထူးနေ့မြတ်ဖြစ်ကြောင်း၊ လွတ်လပ်ရေးနေ့၏အဓိပ္ပာယ်၊ လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ၊ လွတ်လပ်ရေးနေ့ကျင်းပပုံနှင့် ကျောင်းသားလူငယ်များအနေဖြင့် အမျိုးသားရေးစိတ်ဓာတ်ရှိစေရေးနှင့် စည်းကမ်းပြည့်ဝပြီး အနာဂတ်တွင် လူတော်၊ လူကောင်းဖြစ်စေရေးအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော လွတ်လပ်ရေးနေ့နှင့်ပတ်သက်သည့် အသိပညာပေးနံရံကပ်စာစောင်များကို ပြသဆောင်ရွက်ထားရာ ကျောင်းသား/သူများက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာမှတ်သားခဲ့ကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)