ခန္တီးမြို့၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် ဇာတ်တိုက်သရုပ်ပြသခြင်း ဆောင်ရွက်

ခန္တီး ဒီဇင်ဘာ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့တွင် မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွား၊ မပေါ်ပေါက်စေရန်နှင့် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက မိမိတို့ကိုယ်တိုင် ပါဝင်ကူညီဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် ဇာတ်တိုက်သရုပ်ပြသခြင်းကို ယမန်နေ့ နံနက် (၉) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(ခန္တီး)၊ ကျန်စစ်သားခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ခန္တီးမြို့နယ်မီးသတ်ဦးစီးမှူး အောင်မျိုးဝင်းက မီးဘေးအန္တရာယ်မှကြိုတင်ကာကွယ်ရန် လိုက်နာကျင့်သုံးရမည့်အချက်များ၊ ကြိုတင်ဆောင်ရွက်ထားသင့်သည်များနှင့်ပတ်သက်၍လည်းကောင်း၊ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက ဆောင်ရွက်ရမည့်အချက်များနှင့်ပတ်သက်၍လည်းကောင်း၊ မီးလောင်မှုဖြစ်ပွားပြီးပါက ဆောင်ရွက်ရမည့်အချက်များနှင့်ပတ်သက်၍လည်းကောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မီးသတ်တပ်ဖွဲ့ဝင်များက မီးလောင်မှုဖြစ်ပွားသည့်အခါ လက်တွေ့မီးငြိမ်းသတ်ပုံနည်းစနစ်များနှင့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ အသုံးပြုပုံကို လက်တွေ့သရုပ်ပြသရာ ကျောင်းသား/သူများက စိတ်ဝင်တစားကြည့်ရှုခဲ့ကြပြီး ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကမ်းကီး (ပြန်/ဆက်)