မုဒုံမြို့၌ မီးဘေးနှင့်သဘာဝဘေးအန္တရာယ်လျှော့ချရေး အသိပညာပေးပြုလုပ်

မုဒုံ ဒီဇင်ဘာ ၁၂

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် စာသင်ကျောင်းအခြေပြု မီးဘေးနှင့်သဘာဝဘေးအန္တရာယ်လျှော့ချရေး၊ တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး (Kaeru Caravan)ကို ယမန်နေ့နံနက် (၁၀) နာရီက အာရှစွမ်း ကိုယ်ပိုင်စာသင်ကျောင်း၌ ပြုလုပ်သည်။

ဦးစွာ မုဒုံမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဖုန်းမြင့်အေးက သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းများကို ကစားနည်းပုံစံဖြင့် ၎င်းတို့၏ မိသားစု၊ သူငယ်ချင်းများနှင့်အတူ လေ့လာဆော့ကစားနိုင်အောင် စီစဥ်ထားကြောင်း ရှင်းလင်းပြောကြားပြီး တပ်ဖွဲ့ဝင် (၁၄)ဦးနှင့်အတူ မီးသတ်ဆေးဘူး အသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်နည်း၊ မီးငြှိမ်းသတ်ယာဥ်ဖြင့် ဇာတ်တိုက်လေ့ကျင့် မီးငြှိမ်းသတ်နည်း၊ အရေးပေါ်အခြေအနေတွင် ဆောင်ရွက်ရမည့် နည်းလမ်းများကို လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့သည်။

ထို့နောက် ကျောင်းသား/သူများက မီးဘေးနှင့် သဘာဝဘေးအန္တရာယ်လျှော့ချရေး အသိပညာပေးအစီအစဥ် ယှဥ်ပြိုင်ကစားနည်း (၁၀)မျိုးကို စိတ်ပါဝင်စားစွာ လေ့လာဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)