အုတ်တွင်း ဒီဇင်ဘာ ၁၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ် တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ ကျောင်းသူများအား ကျောင်းစာအပြင် စာပေဖတ်ရှုသည့် အလေ့အကျင့် ကောင်းများ ရရှိစေရန်၊ အသိပညာ ဗဟုသုတများ တိုးပွားစေရန်နှင့် ဉာဏ်ရည်ဖွံ့ဖြိုး တိုးတက်လာစေရန်ရည်ရွယ်၍ ယမန်နေ့နံနက်(၁၀)နာရီအချိန်က အ.မ.က (မူလွန်) ကြွယ်ဂံကျောင်းနှင့် မွန်းလွဲ(၁)နာရီအချိန်က အ.လ.က(ခွဲ)ရေ သိုးကျောင်းများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေး ဆောင်ရွက်ရာတွင် ပြန်ကြားနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မူမူဝင်းက (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံ သမိုင်းအကျဥ်းကြောင်းအရာများ၊ စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများနှင့် လူငယ်ရေးရာဆိုင်ရာ အသိပညာပေး ဟောပြောခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများက ကျောင်းသား/ ကျောင်းသူများအား အသိပညာ၊ ဗဟုသုတများ ရရှိစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ ကလေးများအား စာဖတ်ဝိုင်းများ ပြုလုပ်ပေးခဲ့ပြီး၊ ကလေးငယ်များအား ကိုယ်ကာယ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်စေပြီး ရုပ်ပုံစာအုပ်၊ စက္ကူပြဇာတ်၊ ဘုတ်ပြားပြဇာတ်များဖြင့် ပုံပြင်ပြောပြခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)