စစ်ကိုင်းမြို့၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကျင်းပ

စစ်ကိုင်း ဒီဇင်ဘာ ၁၁

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကို ယနေ့နံနက် (၉) နာရီခွဲအချိန်က စစ်ကိုင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း (ရွှေမင်းဝံ)၊ ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခြေံပညာအထက်တန်းကျောင်း (ရွှေမင်းဝံ) ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆွေဇင်ဦးက အမှာစကားပြောကြားပြီး စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးယဉ်မင်းအောင်က ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းများကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဇင်မိုးက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး Grade–11 မှ မောင်ထွန်းဝဏ္ဏအောင်က လူငယ်နှင့်စာပေ၊ Grade–10 မှ မမိုးဟေမာန်က လူငယ်နှင့်ယဉ်ကျေးမှု၊ Grade–11 မှ မောင်ဟိန်းသီဟဆွေက လူငယ်နှင့်အားကစား၊ Grade–10 မှ မမေသာထက်က လူငယ်နှင့်ကျန်းမာရေး၊ Grade–11 မှ မစန်းယုလှိုင်ကလူငယ်နှင့် မူးယစ်ဆေးခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြသည်။

ထို့နောက် လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက  သိရှိလိုသည်များကိုမေးမြန်းကြရာ လက်ထောက်ညွှန်ကြားရေးမှူး ဦးယဉ်မင်းအောင်နှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြပြီး ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

စစ်ကိုင်းခရိုင် (ပြန်/ဆက်)