သဲကုန်းမြို့နယ်တွင် လူငယ်ဘက်စုံဖွံ့ဖြိုးစေရန် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

သဲကုန်း ဒီဇင်ဘာ ၁၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အဖြစ် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အ.ထ.က (သဲကုန်း)ကျောင်းရှိ သာဓုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ သဲကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေးက အဖွင့်အမှာစကားပြောကြား၍ မြို့မစခန်းမှူး ဒုရဲမှူးဇင်ဟိန်းထွဋ်က မူးယစ်ဆေးဝါးဆိုးကျိုးအန္တရာယ်များ၊ တားဆီးကာကွယ်ရေးလုပ်ငန်းများနှင့် ကျောင်းသား/ကျောင်းသူ လူငယ်များအနေဖြင့် ရှောင်ရှားနိုင်မည့်အချက်များ၊ မြို့နယ်ပညာရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးသန်းထွဋ်က လူငယ်နှင့်ပညာရေးခေါင်းစဉ်ဖြင့် ပညာရည်ပြည့်ဝသော လူကောင်းလူတော်များပေါ်ထွက်စေရေး၊ ပြည်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မို့မို့အေးက လူမှုဝန်ထမ်းဦးစီးဌာန၏ ဆောင်ရွက်နေသောလုပ်ငန်းများ၊ ကလေးသူငယ်အခွင့်အရေးများ၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး၊ ပြစ်မှု/ပြစ်ဒဏ်များ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများ၏ အခွင့်အရေးများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမကြီး ဒေါ်အေးစန်းက ဆယ်ကျော်သက်လူငယ်များ၏ ကျန်းမာရေးပြဿနာများဖြစ်သော စိတ်ကျန်းမာရေးပြဿနာ၊ မူးယစ်ဆေးဝါးအန္တရာယ်၊ အာဟာရချို့တဲ့မှုပြဿနာ၊ မျိုးဆက်ပွားကျန်းမာရေး၊ ကူးစက်ရောဂါများနှင့် ရှောင်ရှားသင့်သည့်အချက်များ၊ လိုက်နာဆောင်ရွက်သင့်သည့်အချက်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင့်နန္ဒာဌေးက စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲများ ဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံတော်အနာဂါတ်တွင် ခေါင်းဆောင်ကောင်းပေါ်ထွန်းလာစေရန်၊ ဗလငါးတန်နှင့် ပြည်စုံသော ကျောင်းသား၊ ကျောင်းသူများဖြစ်စေရန်၊ ကျောင်းစာအပြင် ​ပြင်ပစာပေလေ့လာဖတ်ရှုသော အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာပေ​လေ့လာဖတ်ရှုခြင်းဖြင့် ရရှိနိုင်သော အသိပညာဗဟုသုတများ၊ အတွေးအမြင်အသစ်များရရှိနိုင်ကြောင်း အသီးသီးဟောပြောခဲ့ကြပြီး၊ အ.ထ.က(သဲကုန်း)မှ ကျောင်းအုပ်ဆရာကြီး ဦးကျော်မြင့်အောင်က လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲဆောင်ရွက်မှုနှင့် ပတ်သက်၍ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

ဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်လူငယ်ရေးရာကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ/ရသ စာအုပ်၊ စာစောင်များကို စိတ်ပါဝင်စားကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ကိုကျော် (ပြန်/ဆက်)