ဟိုပုံးမြို့နယ် အခြေခံပညာမူလတန်းကျောင်း(ဂနိုင်ထုံ)၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

ဟိုပုံး ဒီဇင်ဘာ ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က လွယ်အွန်းကျေးရွာအုပ်စုရှိ အခြေခံပညာမူလတန်းကျောင်း(ဂနိုင်ထုံ)၌ ကျင်းပသည်။

အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မေဇင်ဝင်းအောင်က ဟိုပုံးမြို့နယ်အတွင်းဖြစ်ပွားနိုင်သည့် ရေဘေး၊ လေဘေး၊ မိုးကြိုးဘေး၊ မီးဘေး၊ မြေပြိုဘေး၊ ငလျင်ဘေး စသည့်ဘေးအန္တရာယ်များအား ကြိုတင်ကာကွယ်နိုင်ရေးနှင့် ဘေးအန္တရာယ်တစ်ခုခုကြုံတွေ့ရပါက ဆောင်ရန်ရှောင်ရန်နည်းလမ်းများနှင့် မိမိနှင့်အတူ ယူဆောင်သွားရန်လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများအား ကျောင်းသား/ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အသိပညာပေးဟောပြောသည်။

အဆိုပါအသိပညာပေးဟောပြောပွဲသို့ ဆရာဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းသားမိဘများတက်ရောက်ခဲ့ပြီး မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ရေဘေး၊ လေဘေး၊ မိုးကြိုးဘေး၊ မီးဘေး၊ မြေပြိုဘေး၊ ငလျင်ဘေး စသည့်ဘေးအန္တရာယ်များအသိပညာပေး ပအိုဝ်ဘာသာဖြင့်ထုတ်ဝေသည့် လက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)