ဟိုပုံးမြို့နယ် အခြေခံပညာမူလတန်းကျောင်း (ဝါးဆို့)တွင်  စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့်စာဖတ်ဝိုင်းများ ကွင်းဆင်းဆောင်ရွက်

ဟိုပုံး ဒီဇင်ဘာ ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် ဒေသအဆင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များအား အတတ်ပညာသာမက အသိပညာဗဟုသုတများရှာမှီးနိုင်ရန်၊ နိုင်ငံ့အနာဂတ်စွမ်းအား အရင်းအမြစ်ပြုစုပျိုးထောင်မှုများ အရှိန်အဟုန်မြင့်မားလာစေရန်၊ စာအုပ်စာပေ၌ နှစ်သက်မွေ့လျော်ကာ စာဖတ်သည့်ဓလေ့၊စာကြည့်တိုက်များသို့ သွားလာအသုံးချနိုင်မည့် အလေ့အကျင့်များဖြစ်လာစေရန်၊ ပညာဗဟုသုတပြည့်ဝ၍ အနာဂတ်တွင်နိုင်ငံတော်အတွက် ဦးဆောင်ဦးရွက်ပြုသူများဖြစ်စေရန်ရည်ရွယ်၍ အခြေခံပညာဦးစီးဌာနဖြင့်ပူးပေါင်းကာ စာဖတ်ရှန်မြှင့်တင်ရေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် စာဖတ်ဝိုင်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က အခြေခံပညာမူလတန်းကျောင်း(ဝါးဆို့)၌ ဆောင်ရွက်သည်။

အသိပညာပေးဟောပြောပွဲတွင် ရှေ့ဦးစွာ အခြေခံပညာမူလတန်းကျောင်း(ဝါးဆို့) ကျောင်းအုပ်ဆရာမကြီး ဒေါ်ချယ်ရီအေးက အမှာစကားပြောကြားပြီး  ဒေသအဆင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခမ်းခြူးက ကျောင်းသား/ကျောင်းသူလူငယ်များသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် တန်ဖိုးဖြတ်မရသည့်ရတနာများဖြစ်ဖြစ်သဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိအမြင်အတွေးအခေါ်များနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေပြီး ငယ်စဉ်ကတည်းက စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိကာ စာပေချစ်မြတ်နိုးစိတ်များ ကိန်းအောင်းနေစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေးခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောသည်။

ထို့နောက် စာဖတ်ရှိန်မြှင့်တင်ရေးစာအုပ်စာစောင်ပြပွဲအား ခင်းကျင်းပြသခဲ့ရာ ကျောင်းသား/ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြပြီး မိမိတို့ကြိုက်နှစ်သက်သည့် စာအုပ်စာစောင်များအား ဖတ်ရှုမှတ်သားလေ့လာခဲ့ကြကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)