ပခုက္ကူခရိုင်အဆင့် မီးဘေးလုံခြုံရေး အထူးကျွမ်းကျင်မှု ဆင့်ပွားသင်တန်းဖွင့်ပွဲကျင်းပ

ပခုက္ကူ ဒီဇင်ဘာ ၁၀

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အဆင့် မီးဘေးလုံခြုံရေးအထူး ကျွမ်းကျင်မှုဆင့်ပွားသင်တန်း (Fire Safety Specialist Course) ဖွင့်ပွဲကို ယမန်နေ့ နံနက် (၈) နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည်။

သင်တန်းဖွင့်ပွဲတွင် ပခုက္ကူခရိုင်၊ မီးသတ်ဦးစီးဌာနမှ ခရိုင်မီးသတ်ဦးစီးမှူး ဦးသိန်းဇော်ဝင်းက အမှာစကားပြောကြားရာတွင် “မီးဘေးလုံခြုံအထူးကျွမ်းကျင်မှု ဆင့်ပွားသင်တန်းကို မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် အနာဂတ်ကာလတွင် ရင်ဆိုင်ကြုံတွေ့လာနိုင်သည့် စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်စေရန်၊ တပ်ဖွဲ့အတွင်း Men Power၊ Equipment Power များ တိုးတက်လာသည်နှင့်အညီ Technology Power ကိုပါ ဟန်ချက်ညီညီ စဉ်ဆက်မပြတ် တိုးတက်လာပြီး ဌာန၏ရည်မှန်းချက် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အထောက်အကူရရှိနိုင်စေရန်၊ တပ်ဖွဲ့ဝင်များ၏ လုပ်ငန်းစွမ်းဆောင်ရည်များ စဉ်ဆက်မပြတ် တိုးတက်မြင့်မားနေစေရေးအတွက် နိုင်ငံတကာတွင် ကျင့်သုံးဆောင်ရွက်လျက်ရှိသော ခေတ်မီမီးဘေးလုံခြုံရေးနှင့် ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ နည်းပညာရပ်များအား စဉ်ဆက်မပြတ် လေ့လာသိရှိနိုင်စေရန်တို့အတွက် ရည်ရွယ်ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း” ရှင်းလင်း ပြောကြားသည်။

အဆိုပါ သင်တန်းတွင် ပခုက္ကူခရိုင်အတွင်းရှိ မြို့နယ်မီးသတ်ဦးစီးဌာနများမှ မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသား၊ သင်တန်းသူ (၁၂) ဦးတက်ရောက်ကြပြီး ပခုက္ကူမြို့နယ် မီးသတ်ဦးစီးမှူး ဦးဇော်မျိုးအောင်က “မီးငြိမ်းသတ်ရေးဆိုင်ရာများ၊ အန္တရာယ်ရှိ ဓာတုဗေဒပစ္စည်းများ၊ စက်ရုံ/အလုပ်ရုံ၊ ဟိုတယ်/မိုတယ်၊ အထပ်မြင့်အဆောက်အအုံများအား မီးဘေးလုံခြုံမှု ရှိစေရေးနှင့် အရေးပေါ်လွတ်မြောက်မှုအတွက် ထည့်သွင်းတပ်ဆင်တည်ဆောက်ရမည့် ခေတ်မီ Fire Protection System များအကြောင်း၊ Online System ဖြင့် မီးဘေးလုံခြုံရေး ဆိုင်ရာလျှောက်ထားခြင်း၊ ထုတ်ပေးခြင်း၊ လုပ်ငန်းလိုင်စင်ခွင့်ပြုမိန့်ပေးခြင်းများဆိုင်ရာ ဘာသာရပ်များကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၉) ရက်မှ (၁၃) ရက်နေ့အထိ စာတွေ့လက်တွေ့ စနစ်တကျသင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)