မယ်စဲ့ နိုဝင်ဘာ ၂၇
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေနှင့် နည်းဥပဒေပါ ရည်မှန်းချက်များ ထိရောက်စွာ အကောင်မထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့် မြို့နယ်မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ ကော်မတီအစည်းအဝေး ကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းက မသန်စွမ်းသူများအခွင့်အရေးများဆိုင်ရာ ကော်မတီအနေဖြင့် မသန်စွမ်းသူများ၏ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင် အဆင့်အတန်းများ ပိုမိုတိုးတက်ကောင်းမွန်လာစေရေးနှင့် ရပ်ရွာအတွင်း လွယ်ကူစွာ သွားလာနိုင်ခွင့်၊ ပူးပေါင်း ပါဝင်ဆောင်ရွက်ခွင့်တို့ ရရှိစေရေးအတွက် အစိုးရဌာန၊ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ ကော်မတီအတွင်းရေးမှူး ဦးစီးအရာရှိ ဒေါ်သန္တာမြင့်က တိုင်းဒေသကြီး နှင့် ပြည်နယ်ရှိ မသန်စွမ်းသူများအား နိုင်ငံတော်ဘတ်ဂျက် ရန်ပုံငွေရရှိမှုပေါ်မူတည်၍ ထောက်ပံ့ကြေးပေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မယ်စဲ့မြို့နယ်တွင် မသန်စွမ်းသူ(၉၇)ဦးအား ထောက်ပံ့ပေး လျက်ရှိကြောင်း ပြောကြားခဲ့ပြီး တက်ရောက် လာသည့် တာဝန်ရှိသူများက မသန်စွမ်းသူများ အခွင့်အရေးနှင့် ပတ်သက်၍ သိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
စိုင်းလျှမ်း(ပြန်/ဆက်)