ရွှေဘိုမြို့၌ ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ် ၆/၂၀၂၄ ဆင်းပွဲအခမ်းအနား ကျင်းပ

​ရွှေဘို ဒီဇင်ဘာ ၆

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုနှင့်အတူ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ် ၆/၂၀၂၄ ဆင်းပွဲအခမ်းအနားကို ယ​မန်နေ့နံနက် ၁၀ နာရီက ​ရွှေဘိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပခဲ့​ကြောင်း သိရသည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်​ထောက်ညွှန်ကြားရေးမှူး ဒေါ်​အေးမြမွန်က လူငယ်များအလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အထောက်အကူပြုစေမည့် ကွန်ပျူတာသင်တန်းများကို စဉ်ဆက်မပြတ်ဖွင့်လှစ်သွားမည်ကြောင်း၊ သင်တန်းသားများအနေဖြင့် မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုအောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်း​ပြောကြားခဲ့ပြီး သင်တန်းနည်းပြဆရာအား အမှတ်တရဂုဏ်ပြုလက်ဆောင်ကိုလည်းကောင်း၊ သင်တန်းသားသင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များကိုလည်းကောင်းပေးအပ်ရာ နည်းပြဆရာနှင့် သင်တန်းသားတစ်ဦးတို့က လက်ခံရယူခဲ့ကြသည်။

ထို့​နောက် သင်တန်းသူတစ်ဦးက ​ကျေးဇူးတင်စကား​ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့သည်။ အဆိုပါသင်တန်းကို တစ်လကြာသင်ကြားပို့ချပေးခဲ့ပြီး သင်တန်းသို့ သင်တန်းသား/ သင်တန်းသူ (၂၀)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်