ရွှေတောင်မြို့နယ်၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အကြိုပြိုင်ပွဲများကျင်းပ

ရွှေတောင် ဒီဇင်ဘာ ၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြို "စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲ"ကို ဒီဇင်ဘာ(၄)ရက်နေ့နံနက်ပိုင်းက ရွှေတောင်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပရာ မြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။

စာစီစာကုံးပြိုင်ပွဲတွင် "ပညာဘဏ်တိုက်စာကြည့်တိုက်" ခေါင်းစဉ်ဖြင့် အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၂၃) ဦး၊ ကျပန်းစကားပြောပြိုင်ပွဲတွင် ခေါင်းစဉ် (၅) ခုကို မဲနှိုက်၍ ကျရာခေါင်းစဉ်ဖြင့် အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၇) ဦးနှင့် အခြေခံပညာမူလတန်းအဆင့် ပုံပြောပြိုင်ပွဲတွင် ကြိုက်နှစ်သက်ရာပုံပြင်များဖြင့် ကျောင်းသား၊ ကျောင်းသူ (၃၀) ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး ယင်းပြိုင်ပွဲဝင်များ ပါဝင်ယှဉ်ပြိုင်နေမှုကို မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် မိဘ/အုပ်ထိန်းသူများက ကြည့်ရှုအားပေးကြပြီး ပြိုင်ပွဲများအလိုက် ဆုရရှိသူများကို ဒိုင်အဖွဲ့များဖြင့် အကဲဖြတ်အမှတ်ပေး စိစစ်ရွေးချယ်ခဲ့ကြသည်။ အဆိုပါပြိုင်ပွဲများအလိုက် ဆုရရှိသူများကို ရွှေတောင်မြို့နယ်၌ ယခုလအတွင်း ဆက်လက်ကျင်းပမည့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်အခမ်းအနားတွင် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အနာဂတ်လူငယ်မျိုးဆက်သစ်များကို အခြေခံပညာအရွယ်ကစ၍ စာဖတ်သည့်အလေ့အထနှင့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်နှင့် အမြဲမပြတ်လေ့လာသင်ယူလိုစိတ်များ ရှိလာစေရန်၊ ကျောင်းစာအပြင် အထွေထွေဗဟုတများ ရရှိစေမည့် စာအုပ်စာပေများကို ဖတ်ရှုလေ့လာလိုစိတ်နှင့် ကျောင်းစာကြည့်တိုက်နှင့် ပြည်သူ့စာကြည့်တိုက်များကို အသုံးပြုလိုစိတ်ရှိလာစေရန်၊ စာအုပ်များနှင့် ရင်းနှီးကျွမ်းဝင်မှုရှိလာပြီး စာပေတွင်မွေ့လျော်ကာ တန်ဖိုးရှိသည့် ကိုယ်ပိုင်အချိန်များကို အကျိုးရှိစွာ အသုံးချတတ်လာစေရန်၊ စာဖတ်ခြင်းဖြင့် စာဖတ်သက်ရင့်သန်လာမှုနှင့်အတူ အတွေးအခေါ်အယူအဆကောင်းများရရှိပြီး အမှား/အမှန် ဝေဖန်ပိုင်းခြားနိုင်သည့် ဆင်ခြင်တုံတရားနှင့် အသိဉာဏ်ပညာများ ထက်မြက်ဖွံ့ဖြိုး ရင့်သန်လာစေရန်၊ အခြေခံပညာမှ အဆင့်မြင့်ပညာအထိ အတန်းစဉ်အလိုက် ဘက်စုံထူးချွန်ထက်မြက်သည့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်၊ ထိုမှတစ်ဆင့် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ကောင်းကျိုးများ စွမ်းဆောင်နိုင်သည့် နိုင်ငံ့သားကောင်းရတနာ၊ သမီးကောင်းရတနာ လူငယ်များ ထွက်ပေါ်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် အခြေခံပညာကျောင်းများ၌ "စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုများနှင့် ပွဲတော်များ"ကို ကျင်းပဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ကိုကိုမင်း(ပြန်/ဆက်)