ရွှေတောင်မြို့နယ်အတွင်းဒေသဖွံဖြိုးရေးလုပ်ငန်းများအားကွင်းဆင်းကြည့်ရှုစစ်ဆေး

ရွှေတောင် ဒီဇင်ဘာ ၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့တွင် ပါရှိသည့်ဌာနဆိုင်ရာများမှ ဒီဇင်ဘာ ၄ ရက်နေ့ နံနက်ပိုင်းက ဒေသဖွံဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါ စစ်ဆေးရာတွင် ရွှေတောင်မြို့နယ်၊ ရွှေဟင်္သါ၊ စကားမြားကျေးရွာတွင် ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ပြောင်းရွေ့နေရသည့် ပတ္တမြား ဘုန်းတော်ကြီးကျောင်းသို့သွားရောက်ပြီး ကျောင်းဆောင်ဖျက်သိမ်းထားရှိမှုအခြေအနေနှင့် မြစ်ကမ်းပြိုကျမှုအခြေအနေအား သွားရောက်ကြည့်ရှုခဲ့ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှပတ္တမြား ဘုန်းတော်ကြီးကျောင်း၏ သာသနိကအဆောက်အဦး (၅) ခု ဖျက်သိမ်းခြင်းနှင့် ပြန်လည်တည်ဆောက်ခြင်းတို့အတွက် လှူဒါန်းထောက်ပံ့ပေးအပ်သောငွေကျပ် (၁၄၀) သိန်းအား ကျောင်းအကျိုးဆောင်အဖွဲ့အား ပေးအပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ ရွှေတောင်မြို့နယ်၊ ရွှေဟင်္သါကျေးရွာအုပ်စု၊ စကားမြားကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ပြောင်းရွေ့ရမည့် လူနေအိမ် (၁၀၅) အိမ်အတွက်ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မြေနေရာဝယ်ယူရန် ငွေကျပ် (၂၇၀) သိန်း ထောက်ပံပေးအပ်ထားရှိသည့် မြေနေရာတို့အားကြည့်ရှုစစ်ဆေးခဲ့ပြီး ပြောင်းရွေ့နေရမည့် အိမ်ထောင်စုများနှင့်တွေ့ဆုံ၍ လိုအပ်ချက်များအပေါ်သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး အ.ထ.က (ရွှေတောင်) ကျောင်းတွင် ကျင်းပပြုလုပ်မည့် စာကြည့်တိုက်များ ဖွံဖြိုးတိုးတက်စေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပပြုလုပ်ရန်ပြင်ဆင်ထားရှိမှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးသိန်းအောင်မှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

ကိုကိုမင်း (ပြန် /ဆက်)