ချောင်းဦး ဒီဇင်ဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၌ စားရေရိက္ခာဖူလုံရေးနှင့် လတ်ဆပ်ပြီး ဓာတုလျှော့ချအဟာရပြည့်ဝသည့် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများ ပြည်သူများကိုယ်တိုင်စိုက်ပျိုးစားသုံးနိုင်ရန် ရည်ရွယ်၍ စိုက်ပျိုးရေးဦးစီးဌာန ရုံးဝင်းအတွင်း Home Gardenတွင် စိုက်ပျိုးထားသည့် ဓာတုလျှော့ချအဟာရပြည့်ဝသည့် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံစိုက်ခင်းစိုက်ပျိုးနည်း ပညာပေးပြပွဲအား ဒီဇင်ဘာ ၄ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
စိုက်ပျိုးနည်းပညာပေးပြပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးက ဓာတုလျှော့ချအဟာရပြည့်ဝပြီး လတ်ဆပ်သည့် ဟင်းသီးဟင်းရွက်သစ်သီးဝလံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် မြေပြုပြင်မှု၊ ရေသုံးစွဲမှု၊ သဘာဝမြေသြဇာဖြစ်သည့် EMဘိုကာရှီ မြေဆွေးပြုလုပ်သုံးစွဲပုံ၊ သဘာဝရွက်ဖြန်းအားဆေး ပြုလုပ်သုံးစွဲနည်း၊ သဘာဝပိုးပြေးဆေးကို ပြုလုပ်သုံးစွဲနည်းများ၊ မိမိအိမ်ခြံဝန်းအတွင်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးနိုင်စေရန်၊ စားရေရိက္ခာဖူလုံစေရန်၊ ဓာတုလျှော့ချအဟာရပြည့်ဝသည့် အစားအစာများ စားသုံးနိုင်စေရန်၊ မီးဖိုချောင်အသုံးစရိတ်လျှော့ချနိုင်စေရန်၊ ကျန်းမာသက်ရှည်စေရန် စသည့်ရည်ရွယ်ချက်နှင့် စိုက်ပျိုးနည်းများ ရှင်းလင်းပြောကြားပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိသည့် Home Garden စိုက်ခင်းများအတွင်း လိုက်လံပြသကာ တောင်သူများ၊ ပြည်သူများနှင့် ဌာနဆိုင်ရာများ သိရှိလိုသည်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာနမှ လာရောက်ကြည့်ရှုလေ့လာသည့် ပြည်သူနှင့် တောင်သူများ၊ ဌာနဆိုင်ရာများအား ဆူးပုတ်၊ ကင်ပွန်းချဥ်၊ ဒန့်ဒလွန်၊ ဂွေးတောက် စသည့် ပျိုးပင်ပေါက်၊ မျိုးစေ့များ ပေးအပ်ခဲ့သည်။
အဆိုပါစိုက်ပျိုးနည်းပညာပြပွဲသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်များမှ တောင်သူနှင့် ပြည်သူများ၊ ကျေးရွာအုပ်စု ၇ အုပ်စုမှ တောင်သူများ စုစုပေါင်း ၅၀ ကျော် တက်ရောက်ခဲ့သည်။
ဝင်းမြင့်အောင် (ပြန်/ဆက်)