ပေါင်းတည် ဒီဇင်ဘာ ၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့်ပြပွဲကို ယမန်နေ့နေ့လယ်ပိုင်းက ပေါင်းတည်မြို့နယ်၊ မှတ်တိုင်လမ်း၊ အခြေခံပညာအလယ်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။
အဆိုပါဟောပြောပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးဆုစံက စာကြည့်တိုက်များတွင် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိလာစေရေး၊ စာအုပ်စာပေများမှ ဗဟုသုတများရရှိရေး၊ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံထူးချွန်သည့် လူငယ်လူရွယ်များ ဖြစ်လာစေရေးနှင့် လူငယ်များအတွက် မူးယစ်ဆေးဝါးဆိုးကျိုးများကို ဟောပြောခဲ့သည်။
ဆက်လက်၍ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံအရာရှိ ဦးနိုင်ဝင်းသိန်းက စားသုံးရန်မသင့်သည့်အစားအစာများနှင့် ကုန်ညွှန်းအမှတ်အသားများအကြောင်း ဟောပြောဆွေးနွေးပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးနှင့်လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်ပြပွဲကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။
အဆိုပါ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့်ပြပွဲသို့ အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ ၁၀၂ ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရွှေသား (ပြန်/ဆက်)