ပဲခူး ဒီဇင်ဘာ ၅
ပြည်သူလူထူအား မီးဘေးအန္တရာယ်အပါအဝင် သဘာဝဘေးအန္တရာယ်နှင့် အခြားသော မတော်တဆမှုများ ဖြစ်ပွားပေါ်ပေါက်လာပါက မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အလျင်အမြန် တုံ့ပြန်ဆောင်ရွက်ပေးလျက်ရှိရာ ပဲခူးမြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ မီးသတ်တပ်ဖွဲ့ဝင်များသည် ယမန်နေ့နံနက်ပိုင်းက ပဲခူးမြို့နယ်အတွင်းရှိဈေးများအား မီးဘေးအန္တရာယ် မဖြစ်ပွားစေရေး၊ မီးလောင်မှုများ မပေါ်ပေါက်စေရေးနှင့် မီးလောင်မှုကြောင့်ဆုံးရှုံးမှုများ မဖြစ်ပွားစေရေးအတွက် မီးသတိမူရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပဲခူးမြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိဦးမြင့်သူ ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များသည် ပဲခူးမြို့ရှိ ကုန်စည်များ လည်ပတ်စီးဆင်းရာ စီးပွားရေးအချက်အချာနေရာဖြစ်သည့် ဈေးများအား မီးလောင်ဆုံးရှုံးမှုမဖြစ်ပွားစေရေးအတွက် စျေးပတ်ဝန်းကျင်ရှိ လောင်စာအမှိုက်များ ရှင်းလင်းထားရန်၊ ခွင့်ပြုချက်မရှိဘဲ လောင်စာဆီသိုလှောင်ခြင်း ရောင်းချခြင်းမပြုရန်၊ မီးလောင်ကျွမ်းမှုနှင့် မီးလန့်မှုများ မဖြစ်ပေါ်စေရန် မီးဘေးလုံခြုံရေးအတွက် ရေပုံး၊ သဲပုံး၊ မီးချိတ်၊ မီးကတ်၊ မီးသတ်ဆေးဘူးများထားရှိရန်၊ ပေါက်ပြဲဆွေးမြေ့နေသော လျှပ်စစ်ဝါယာကြိုးများ အသုံးမပြုရန်၊ ဈေးဆိုင်တွင် လူမရှိသည့်အခါ လျှပ်စစ်မိန်းခလုတ်များ ပိတ်ထားရန်နှင့် မီးဘေးလုံခြုံရေးဆိုင်ရာလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)