ပဲခူး ဒီဇင်ဘာ ၅
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးတိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတို့ပူးပေါင်းပြီး (စတုတ္ထအကြိမ်)မြောက် တိုင်းရင်းသားကျောင်းသား/သူများ ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသားလူငယ်များဖြစ်စေရေးအတွက် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ပဲခူးမြို့နယ် ထုံးကြီးစံပြကျေးရွာ အခြေခံပညာအထက်တန်းကျောင်း အမေ့အိမ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ထုံးကြီးစံပြကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မှ ကျောင်းသား/သူများက တိုင်းရင်းသားသီချင်းဖြင့်သီဆိုဖျော်ဖြေကြပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးဦးစောလင်းအောင်က "ယနေ့လူငယ်နောင်ဝယ်လူကြီး"ဆိုသည့် စကားနှင့်အညီ အမိနိုင်ငံတော်ဖွံ့ဖြိုးတိုး တက်ရေးတွင် ပါဝင်ဆောင်ရွက်နိုင်သောလူကြီးများပေါ်ထွန်းလာရေးသည် ငယ်စဥ် အခြေခံကျောင်းသားဘဝကပင် စတင်ရမှာဖြစ်သည့်အတွက် စည်းကမ်းရှိသော၊ အကျင့်စာရိတ္တကောင်းမွန်သော၊ ပညာဗဟုသုတနှင့်ပြည့်စုံသော၊ လုံ့လဝီရိယ ရဲစွမ်းသတ္တိနှင့်ပြည့်စုံသော၊ ကျန်းမာသန်စွမ်းသော တိုင်းရင်းသားကျောင်းသား/သူများဖြစ်စေရန် အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့် ရှောက်ရေးဦးစီးဌာနညွှန်ကြားရေးမှူး ဒေါ်ခိုင်ရွှေဝါက တိုင်းရင်းသားလူမျိုးများရေး ရာဝန်ကြီးဌာန၏ဆောင်ရွက်ချက်များ၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊ နည်းဥပဒေနှင့် လူငယ်ရေးကဏ္ဍအကြောင်း များအားလည်းကောင်း၊ တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး (ပညာ)ဆရာကြီးဦးခင်အောင်ရီက ကျောင်းသား/သူများ ဗလငါးတန်ဖွံ့ဖြိုး တိုးတက်ရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ဒုတိယညွှန်ကြားရေးမှူးဒေါ်ဝါဝါဝင်းကျော်က ကလေးသူငယ်အခွင့်အရေးများနှင့်ကာကွယ်စောင့်ရှောက်ရေးအကြောင်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်မေသန်းနိုင်က အစားအသောက်နှင့်ဆေးဝါးအရည်အသွေးပြည့်မီ ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပဲခူးခရိုင်အားကစားမှူးဒေါ်သန္တာဝင်းက လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီးတိုင်းရင်းသားစာပေနှင့်ယဥ်ကျေးမှုဦးစီးဌာနရုံးမှ ဦးစီးအရာရှိ ဒေါ်သော်ထက်ထက်ကျော်က တိုင်းရင်းသားဘာသာစာပေးသင်ကြားရေးဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်၍လည်းကောင်း အသိပညာပေးဟောပြောခဲ့ကြသည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်က အသိပညာပေးဟောပြောကြသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ပြီး သီဆိုဖျော်ဖြေခဲ့ကြသည့် ကျောင်းသား/သူများအား ချီးမြှင့်ငွေများပေးအပ်ချီးမြှင့်ကာ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ခိုင်ရွှေဝါက ထုံးကြီးစံပြကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၊ ကျောင်းစာကြည့်တိုက်အတွက် တာဝန်ခံကျောင်းအုပ်ဆရာကြီးထံ အလှူငွေ ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)