လပွတ္တာ ဒီဇင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့၌ ပွင့်လင်းရာသီ ရောက်ရှိလာသည်နှင့်အညီ မီးဘေးအန္တရာယ်ကြောင့် ပြည်သူများ ထိခိုက်နစ်နာ ဆုံးရှုံးမှုမရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ မီးဘေးလုံခြုံရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခြင်းကို စဥ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ(၃)ရက်နေ့နံနက် (၁၀) နာရီအချိန်က အမှတ် (၅) ရပ်ကွက်ရှိ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ပိုင်အောင်ဇေယျစျေးကြီးအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးစိမ်းကိုကိုနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ စျေးကော်မတီဝင်များက မြို့မစျေးရှိ စျေးဆိုင်ခန်းများတွင် မီးချိတ်၊ မီးကပ်၊ သဲအိတ်များ၊ ရေပုံးများ၊ မီးသတ်ဆေးဘူး စသည့်မီးဘေးကာကွယ်ရေးပစ္စည်းများအား အဆင်သင့်ထားရှိမှု၊ ဆိုင်ခန်းများတွင် တပ်ဆင်ထားသည့် ဟောင်းနွမ်းနေသော လျှပ်စစ်ဝါယာကြိုးများနှင့် ပျက်စီးနေသော လျှပ်စစ်ပစ္စည်းများအား အသုံးမပြုကြရန်၊ အစားအစာ ချက်ပြုတ်ရောင်းချသည့်ဆိုင်များအား မီးကြွင်း၊ မီးကျန်များအား စနစ်တကျ မီးငြိမ်းသတ်ကြရန်နှင့် မတော်တဆ မီးလောင်မှုဖြစ်ပွားပါက ပြည်သူများ ကိုယ်တိုင်မီးငြှိမ်းသတ်နိုင်သည့် နည်းစနစ်များ၊ မီးဘေးအန္တရာယ် ကြုံတွေ့ချိန်တွင် အသက်အန္တရာယ် မထိခိုက်စေရေး ဆောင်ရွက်ရမည့်အချက်များကို အကြံပြုလမ်းညွှန် မှာကြားခဲ့ကြကြောင်း သိရသည်။
လပွတ္တာမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ရပ်ကွက်/ကျေးရွာများတွင် နေအိမ်များမီးဘေးလုံခြုံရေးကို တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ၊ ကျောင်းအခြေပြု မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းများကို စဥ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မူမူ(ပြန်/ဆက်)