မင်းဘူး ဒီဇင်ဘာ ၅
ဒေသတွင်း စပါးသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေး၊ စိုက်ပျိုးသည့်နည်းစနစ် မှန်ကန်စေရေးနှင့် စပါးတစ်ဧကအထွက်နှုန်း တိုးတက်စေရေးတို့အတွက် မကွေးတိုင်းဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက မင်းဘူး(စကု)မြို့နယ် ရေပုတ်ကျေးရွာ တောင်သူဦးဝင်းမောင်၏ ကွင်းအမှတ် ၁၂၃၇-က မနောသုခ (၅) ဧကစိုက်ခင်းအောင်မြင်နေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကြည့်ရှုရာ စိုက်ခင်းရှင်းလင်းဆောင်တွင် မင်းဘူးမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်လင်းက စိုက်ပျိုးရေး သုတေသနဌာနမှ ထုတ်လုပ်ထားသော သက်လတ်အထွက်ကောင်း စပါးမျိုးများဖြစ်သော ဆဖိုးသာ၊ ပခန်းရွှေဝါ၊ ရက် ၉၀၊ GW-11၊ YSR-1၊ GW-18၊ YKOR-01 စသော စပါးမျိုးများမှ YKOR-01၊ ဆဖိုးသာနှင့် GW-18 စပါးမျိုးများသည် ဒေသရေမြေတွင် ကောင်းစွာဖြစ်ထွန်းပြီး၊ စပါးသီးနှံဖြစ်ထွန်းမှုနှင့် အောင်စေ့ပါဝင်မှုများပြီး အထွက်နှုန်းကောင်းမွန်မှုများကို ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က စိုက်ပျိုးရေးရှင်းလင်းဆောင်၌ ကျေးရွာအုပ်စု၊ ၅ အုပ်စုမှ တောင်သူများနှင့်တွေ့ဆုံကာ သီးနှံစွမ်းအားတိုးတက်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးတို့အတွက် ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များကို အသုံးပြုစိုက်ပျိုးကြရေး ကြဲပက်စိုက်ပျိုးသည့် စနစ်အစား စပါးတိုက်ရိုက်မျိုးစေ့ချကိရိယာ Drum Seeder ဖြင့် စိုက်ပျိုးထားခြင်းသည် အချိန်ကုန်သက်သာသည့်အပြင် ငွေကုန်ကြေးကျသက်သာသဖြင့် တောင်သူဦးကြီးတို့အနေဖြင့် စပါးတိုက်ရိုက် မျိုးစေ့ချသည့်စနစ်ဖြင့် စိုက်ပျိုးရန်သာလိုအပ်ကြောင်း၊ တိုက်ရိုက်မျိုးစေ့ချသည့် စိုက်ခင်းများမှာ စိုက်ပျိုးရေဖြည့်စွက်ခြင်းကို လိုသလိုအသုံးပြုနိုင်ပြီး အထွက်နှုန်းများလည်း ကောင်းမွန်သောကြောင့် စိုက်ပျိုးကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး၊ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်သူဦးဝင်းမောင်၏ စပါးတိုက်ရိုက်မျိုးစေ့ချ သရုပ်ပြစိုက်ခင်းသို့ ကြည့်ရှုစစ်ဆေး၍ ကျေးရွာ ၅ အုပ်စုမှ တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးကာ စိုက်ကွင်းနယ်မြေအလိုက် စိုက်ပျိုးရေရရှိမှုကိုအခြေခံ၍ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် သီးနှံစိုက်ပျိုးမှုပုံစံ မှန်ကန်စေရေးတို့ကို ဆွေးနွေးမှာကြားပြီး တောင်သူတို့၏ လုပ်ငန်းလိုအပ်ချက်များ တင်ပြမှုအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)