မြစ်သား ဒီဇင်ဘာ ၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ်အတွင်းမှ ထူးချွန်ထက်မြက်သော ကျောင်းသား၊ ကျောင်းသူများပေါ်ထွက်လာစေရန် ရည်ရွယ်၍ အခြေခံပညာဦးစီးဌာနက ကြီးမှူးကျင်းပသော ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်စစ်ဆေးခြင်းစာမေးပွဲကို ယမန်နေ့နံနက်ပိုင်းမှ စတင်၍ မြစ်သားမြို့ အခြေခံပညာနှင့်စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းရှိ ဗန္ဓုလဆောင်၌ ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ လူရည်ချွန်ရွေးချယ်စစ်ဆေးခြင်းစာမေးပွဲကို အေးချမ်းစွာဖြေဆိုနိုင်ရန်အတွက် မြို့နယ်ပညာရေးရေးမှူး ဒေါ်ပြုံးကြည်က ဦးဆောင်ပြီး အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီများက ကြီးကြပ်၍ တာဝန်ကျဆရာ၊ ဆရာမများက အနီးကပ်စောင့်ကြပ်ပေးခဲ့ကြသည်။ မြို့နယ်အတွင်းမှ လူရည်ချွန်ရွေးချယ်စစ်ဆေးခြင်း စာမေးပွဲ ယှဉ်ပြိုင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများဖြစ်သည့် (Grade-9) ကျောင်းသား၊ ကျောင်းသူ (၁၄ ) ဦး၊ (Grade-10) ကျောင်းသား၊ ကျောင်းသူ (၁၁)ဦး၊ (Grade-11) ကျောင်းသား၊ ကျောင်းသူ (၁၂)ဦး၊ (Grade-12) ကျောင်းသား၊ ကျောင်းသူ (၃) ဦး၊ စုစုပေါင်းကျောင်းသား၊ ကျောင်းသူ(၄၀)ဦးတို့ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်စစ်ဆေးခြင်း စာမေးပွဲကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၄) ရက်နေ့မှ (၆) ရက်နေ့အထိ မြန်မာစာ၊ အင်္ဂလိပ်စာ၊ ထွေထွေဗဟုသုတဘာသာရပ်များနှင့် လူတွေ့နှုတ်ဖြေ၊ ကိုယ်ကာယကြံခိုင်မှုစစ်ဆေးခြင်းများကို ဖြေဆိုရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဝါဝါမြင့်(မြစ်သား)