ရပ်စောက် ဒီဇင်ဘာ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ ကျောင်းအခြေပြု ဆုံဆို့၊ မေးခိုင်ကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာကာရောဂါကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း (ဗထူး)နဝရတ်ခန်းမဆောင်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် ရှေးဦးစွာ မြို့နယ်ပြည်သူ့ကျန်မာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဝင်းပပနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးအဖွဲ့ခေါင်းဆောင် ဒေါက်တာပိုင်စိုးမိုးတို့က ကျောင်းသား၊ ကျောင်းသူများအား ဆုံဆို့၊ မေးခိုင်ရောဂါနှင့် သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်စေနိုင်သည့် အကြောင်းများ၊ ရောဂါလက္ခဏာများ၊ ကာကွယ်နိုင်မည့်နည်းလမ်းများအကြောင်းကို အသိပညာပေးဟောပြောခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်ဆရာဝန်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း(ဗထူး)၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ပညာသင်ကြားနေကြသော အသက် (၅)နှစ်မှ အသက်(၇)နှစ်မကျော်သော ကျောင်းသား၊ ကျောင်းသူ (၃၅)ဦးကို ဆုံဆို့၊ မေးခိုင်ကာကွယ်ဆေးကိုလည်းကောင်း၊ အသက်(၉)နှစ်မှ အသက်(၁၀)နှစ်အတွင်း ကျောင်းသူ (၃၂)ဦးကို သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးကိုလည်းကောင်း ထိုးနှံပေးခဲ့ကြသည်။
ကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် အဆိုပါကျောင်းမှ ဆရာ၊ ဆရာမများက အားဖြည့်ကူညီဆောင်ရွက်ပေးခဲ့ပြီး ထိုသို့ ကျောင်းအခြေပြုကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ဒီဇင်ဘာ (၃)ရက်မှ (၁၁)ရက်နေ့အထိ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၂၃၆)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၅၂၂၅)ဦးကို ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဆရာဝန်ကြီးထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)