ကမာရွတ်မြို့နယ်တွင် ကျောင်းအခြေပြု ကျောင်းကျန်းမာရေးစစ်ဆေးမှုနှင့် ကာကွယ်ဆေးများ ထိုးနှံပေး 

ရန်ကုန် ဒီဇင်ဘာ ၅

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ကျောင်းအခြေပြု သားအိမ် ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးနှင့် ဆုံဆို့၊ မေးခိုင်ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းများနှင့် ကျောင်းကျန်းမာရေးစစ်ဆေးပေးခြင်းကို ဒီဇင်ဘာ(၃)ရက်နေ့နံနက် (၁၀) နာရီအချိန်က Summit ကိုယ်ပိုင်မူလတန်းကျောင်းတွင် ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများက (၂၀၂၄-၂၀၂၅) ပညာသင်နှစ်တွင် ပညာ သင်ကြားနေသော အသက် ၅ နှစ်ပြည့်ပြီး ၇ နှစ်မကျော်သော KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအခြေပြု ဆုံဆို့၊ မေးခိုင် ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် အသက် ၉ နှစ်ပြည့်ပြီး ၁၀ နှစ် မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံ‌ပေးခဲ့သည်။

 ထို့အပြင် ကျောင်းကျန်းမာရေးစစ်ဆေးမှုအနေဖြင့် KG မှ Grade 5 ထိ ကျောင်းသူ/ကျောင်းသားလေးများအား သွားနှင့်ခံတွင်းစစ်ဆေးပေးခြင်း၊ အထွေထွေရောဂါများ စစ်ဆေးခြင်းအစရှိသည့် ကျောင်းကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်ပေးခဲ့ပြီး လိုအပ်သည့်ကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။ မြို့နယ်ကျန်းမာရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ထိုးနှံရန်ကျန်ရှိသောကျောင်းများအား ကျောင်းအခြေပြု ကာကွယ်ဆေးထိုးနှံခြင်းများ ဆက်လက်ကွင်းဆင်း ထိုးနှံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း  သိရသည်။
မြို့နယ်(ပြန်/ဆက်)