ပြင်ဦးလွင်မြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု စာဖတ်ဝိုင်းကျင်းပ

ပြင်ဦးလွင် ဒီဇင်ဘာ 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် စာရေးဆရာချစ်နိုင်(စိတ်ပညာ) ရေးသားသည့် “ချစ်လို့ပြောတာမှတ်ပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီခွဲအချိန်က  အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းရှိ ပညာတန်ဆောင် စာကြည့်တိုက်၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးဗိုလ်မှူး စညီညီက အဖွင့်အမှာစကားပြောကြားပြီး ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်၀ါ၀ါလွင်က စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောင်းသား၊ ကျောင်းသူများစာဖတ်သည့် အလေ့အထများ၊ အလေ့အကျင့်‌ကောင်းများ ရရှိစေရန်နှင့် နှလုံးသား လှပသောလူငယ်များဖြစ်လာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းကျင်းပရခြင်း ဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍  စာရေးဆရာချစ်နိုင်(စိတ်ပညာ) ရေးသားသည့်“ချစ်လို့ပြောတာမှတ်ပါ” စာအုပ်ဖြင့်စာဖတ်ဝိုင်းဆွေးနွေးပွဲကိုကျင်းပရာ အ.ထ.က (၃) Grade - 10 မှ ကျောင်းသားကျောင်းသူများဖြစ်ကြသည့် မဇွန်လင်းမြတ်စံ၊ မောင်ရဲသီဟနှင့်မောင်လမင်းထွန်းတို့က ဖတ်ရှုထားသည့် ခေါင်းစဉ်များအလိုက် ဆွေးနွေးခဲ့ကြရာ ပြင်ဦးလွင်ခရိုင် စာကြည့်တိုက်ကြီးကြပ်မှုကော်မတီ အဖွဲ့ဝင် စာရေးဆရာ ကိုရွှေအောင်သင်းနှင့် ဗမာစာပေနှင့်ယဉ်ကျေးမှုအသင်း ခရိုင်ဒုဥက္ကဋ္ဌ ဒေါ်အေဇင်မေတို့က ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများကလည်း မိမိတို့၏ အမြင်များကို ချစ်ခင်ရင်းနှီးစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြ​သည်။

ထို့နောက် စာဖတ်ဝိုင်းတွင် ဆွေးနွေးပေးခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား စာရေးဆရာ ကိုရွှေအောင်သင်းက အမှတ်တရလက်ဆောင်စာအုပ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။ အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အ-ထ-က(၃)မှ ကျောင်းအုပ် ဆရာကြီး၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၆၅) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သွေးသွေး(ခရိုင်ပြန်/ဆက်)