ပျော်ဘွယ် ဒီဇင်ဘာ ၄
ပျော်ဘွယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ စာဖတ်ခြင်း၏အကျိုးကျေးဇူးအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉:၃၀) နာရီက အခြေခံပညာအလယ်တန်းကျောင်း (ဂွေးဇီး)တွင် ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက အသိပညာဗဟုသုတတိုးပွားရေးအတွက် စာပေဖတ်ရှုရမည့်အကြောင်းအရာများ၊ စာပေအမျိုးအစားများ၊ စာပေဖတ်ရှုခြင်းဖြင့် စဉ်းစားတွေးခေါ်မှု ရင့်သန်စေသည်သာမက အမှားအမှန်၊ အကောင်းအဆိုးခွဲခြားသိမြင်နိုင်ခြင်း၊ စာဖတ်ခြင်းဖြင့် အကျိုးကျေးဇူးများစွာ ရရှိနိုင်သည့်အတွက် စာသင်ချိန်ပြင်ပတွင် အချိန်အနည်းငယ်ခန့်ပေးကာ မိမိအတွက်အကျိုးရှိစေမည့် စာပေများကို ရွေးချယ်ဖတ်ရှုသင့် ပါကြောင်းနှင့် ဖတ်ရှုရမည့်အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူများနှင့်အပြန်အလှန် ရှင်းလင်းဟောပြောသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးနံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်း၊ အလားတူ အ.လ.က (ခင်ကြီးယ) တွင်လည်း အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)