မဟာအောင်မြေမြို့နယ် အမှတ် (၂၄) အ.ထ.က၌ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေး စကားရည်လုပြိုင်ပွဲ ကျင်းပ

မဟာအောင်မြေ ဒီဇင်ဘာ ၄

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ အမှတ်(၂၄) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့မွန်းလွဲ ၁နာရီက ဗလငါးတန်ဖွံ့ဖြိုးရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေး စကားရည်လုပြိုင်ပွဲကို ကျင်းပသည်။

မဟာအောင်မြေမြို့နယ်၊ အမှတ်(၂၄) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးမျိုးဆန်းလင်းက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အခြေခံပညာအရွယ်မှစ၍ စာဖတ်တဲ့အလေ့အထနဲ့ အလေ့အကျင့်ကောင်းများရရှိလာစေရန်၊ ကျောင်းစာအပြင် အထွေထွေဗဟုတများ ရရှိစေမယ့် စာအုပ်စာပေများကို ဖတ်ရှုလေ့လာလိုစိတ်နဲ့ စာပေမှတစ်ဆင့် အသိပညာဗဟုသုတတိုးပွားလာစေရန်၊ ရရှိတဲ့ဗဟုသုတများကို ပြန်လည်မျှဝေပေးနိုင်‌စေရန်၊ အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်တဲ့ အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ နှုတ်မှုစွမ်းရည်များတိုးတက်ပြီး ပရိသတ်ရှေ့မှာ ပြောရဲ၊ ဆိုရဲ၊ ဆွေးနွေးရဲတဲ့ သတ္တိများရှိလာစေရန်၊ စာအုပ်များနဲ့ ရင်းနှီးကျွမ်းဝင်မှုရှိလာပြီး စာ‌ပေမှာ မွေ့လျော်ကာ မိမိတို့ရဲ့ကိုယ်ပိုင်အချိန်များကို အကျိုးရှိစွာအသုံးချတတ်လာစေရန်၊ အတန်းစဉ်အလိုက် ဘက်စုံထူးချွန်ထက်မြက်ပြီး ဗလငါးတန်နဲပြည့်စုံတဲ့ လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်ချက်များဖြင့် အခြေခံပညာအထက်တန်းအဆင့် စကားရည်လုပြိုင်ပွဲကို ပြုလုပ်ပေးရခြင်းဖြစ်ပါတယ် ဟု ပြောကြားခဲ့သည်။

အဆိုပါ စကားရည်လုပြိုင်ပွဲသို့ မဟာအောင်မြေမြို့နယ်၊ အမှတ် (၂၄) အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူများက တစ်ဖွဲ့လျှင် (၅) ဦးနှုန်းဖြင့် အဆိုအဖွဲ့ (၄) ဖွဲ့နှင့် အချေ (၄) ဖွဲ့ခွဲကာ ဆောင်းရာသီက နွေရာသီထက်ပိုကောင်းတယ်၊ စာဖတ်ခြင်းက ခရီးသွားခြင်းထက် ပိုကောင်းတယ် ခေါင်းစဉ်များဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိမည့်အဖွဲ့မှ ကျောင်းသား၊ ကျောင်းသူများကို ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျင်းပပြုလုပ်မည့် ပညာရေးစုံညီပွဲတော်အခမ်းအနား၌ ဆုများကို ပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

အောင်ဇော်မင်း