ပခုက္ကူ ဒီဇင်ဘာ ၃
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ အသက် ၂ လမှ ၁၈ လ အတွင်း ကလေးငယ်များအား ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို လစဉ်ပုံမှန်ဆောင်ရွက် ပေးလျက်ရှိသည်။
ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယမြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းသူရမြင့်ဦးဆောင်၍ သူနာပြုဆရာမများက ပခုက္ကူမြို့၊ ဒေသန္တရကျန်းမာရေးဌာနခွဲ(၁)နှင့်(၂)တို့၌ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှစတင်ပြီး မွေးကင်းစကလေး အသက် ၂ လမှ ၁၈လအတွင်း ကလေးငယ်များအား ဘီစီဂျီ၊ ပိုလီယို၊ ဝက်သက်-ဂျိုက်သိုး၊ ဆုံဆို့နာ၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)နှင့် ဦးနှောက်အမြှေးရောင်ရောဂါများ ကာကွယ်နိုင်ရန်အတွက် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများဆောင်ရွက်ကြရာ ဒီဇင်ဘာလ ၃ ရက်နေ့အထိ ကလေးငယ်(၁၃၇၅)ဦး၊ ကိုယ်ဝန်ဆောင်မိခင်(၅၅)ဦး၊ စုစုပေါင်း(၁၄၃၀)ဦးတို့အား ပုံမှန်ကာကွယ်ဆေးထိုးနှံပြီးစီးခဲ့ကြောင်း၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေဖြင့် ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း ကျန်မာရေးနှင့်ပတ်သက်၍ အလေးထားဆောင်ရွက်ရန်နှင့် ရောဂါလက္ခဏာတစ်ခုခုဖြစ်ပေါ်လာပါက ဆေးရုံ၊ ဆေးခန်းများတွင် အမြန်ဆုံးသွားရောက်ပြသရန်လိုအပ်ကြောင်းတို့ကို အသိပညာပေးဆောင်ရွက်ကြကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ဘာမီသာ(ပခုက္ကူ)