ကြံခင်းမြို့နယ်တွင် နန်းဦးချောင်းကျော်တံတားဆောင်ရွက်မှုအားကြည့်ရှု

ကြံခင်း  ဒီဇင်ဘာ  ၃

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် မြို့မရပ်ကွက်၊ တာကြီးတန်းမြို့မပတ်လမ်းကမ်းပါးရှိ နန်းဦးချောင်းကျော်တံတားဆောင်ရွက်နေခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက သွားရောက်ကြည့်ရှုခဲ့သည်။

အဆိုပါနန်းဦးချောင်းကျော်တံတားကို ဧရာဝတီမြစ်ရိုးချောင်းအတွင်းရေကျချိန်တွင် အနက်ပေ(၂၀)ခန့်ရှိသဖြင့် မြို့မရပ်ကွက်မှ မြို့မကျွန်းနှင့်ဆက်စပ်လျက်ရှိသော ရွှေတောင်မြို့နယ် ဆင်ကျွန်းကျေးရွာ၊ ကန့်လန့်ကုန်းကျေးရွာ၊ သောင်ပြင်ကုန်းကျေးရွာတို့မှ ခရီးသွားပြည်သူများဈေးဝယ်ခြင်း၊ ကုန်ပစ္စည်းသယ်ဆောင်ခြင်းသွားလာရာတွင်ခက်ခဲမှုရှိသဖြင့် ၂၀၁၃ခုနှစ်၊ နိုဝင်ဘာလတွင် ထားဝယ်ကြီးကျောင်းဆရာတော်ဦးပညာသာမိနှင့် ကျီးသဲကျောင်းဆရာတော်ဦးသာသနတို့ကဦးဆောင်ပြီး ဝါးတံတားထိုးခြင်း၊  ခရီးသွားပြည်သူများနားနေရန် ဇရပ်ဆောက်ထားပေးခြင်း၊ ခရီးသွားပြည်သူများသွားလာရေးအဆင်ပြေစေရန် ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ(၂၂)ရက်နေ့တွင် ကွန်ကရစ်လမ်းခင်းပေးခဲ့ပြီး  ယခုနှစ်ရေကျချိန်တွင် ချောင်းကျော်ဝါးတံတားထိုးခြင်းကို စေတနာရှင်ပြည်သူများစုပေါင်းကာဆောင်ရွက်နေခြင်းဖြစ်ကြောင်း ထားဝယ်ကြီးကျောင်းဆရာတော်ထံမှ သိရသည်။

အဆိုပါချောင်းကျော်တံတားထိုးဆောင်ရွက်နေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်က သွားရောက်ကြည့်ရှုကာ  ထားဝယ်ကြီးကျောင်းတိုက်ဆရာတော်အားဖူးမြော်ပြီး  ချောင်းကူးတံတားအတွက်လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)