ဝါးခယ်မမြို့နယ်၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဖွင့်ပွဲ အခမ်းအနားကျင်းပ

ဝါးခယ်မ  ဒီဇင်ဘာ ၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ “စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်”ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က ဝါးခယ်မမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးနှင့်အဖွဲ့များမှ တက်ရောက်ဖွင့်လှစ်ခဲ့သည်။

ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးနှင့် ဧည့်သည်တော်များရောက်ရှိ လာချိန်တွင် ဘင်ခရာတပ်ဖွဲ့ဝင်များက ဘင်ခရာတီးဝိုင်းဖြင့် ကြိုဆိုခဲ့ကြပြီး  “စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်” မုခ်ဦးအား တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်ယဉ်ဆွေဝင်း၊ ပညာရေးဝန်ကြီးဌာန တိုင်းပညာ‌ရေးမှူး ဦးခင်မောင်ထွေးနှင့် မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်း‌ဌေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။

ဆက်လက်၍ အခမ်းအနားဒုတိယပိုင်းကို ဒေါ်ပိုက်မိခန်းမ၌ကျင်းပရာ အ.ထ.က(ခွဲ)(အလက-၁) ကျောင်းသား၊ ကျောင်းသူများက “အလှဆုံးပန်းများပွင့်ကြပြီ” သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး  ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်က အဖွင့်အမှာစကား ပြောကြားရာတွင် “ပညာသင်ခြင်းသည် နိုင်ငံ၏အနာဂတ်တွင် မရှိမဖြစ်အရေးပါသည့် လူ့စွမ်းအားအရင်းအမြစ်ပျိုးထောင်ခြင်းဖြစ်၍ လူငယ်များအပါအဝင် ပြည်သူများစာဖတ်ကြစေရန်၊ စာပေလေ့လာ ဖတ်ရှုနိုင်သည့်ပတ်ဝန်းကျင်များ ဖန်တီးပေးရန်နှင့် အသိပညာမြင့်မားအောင် လုပ်ဆောင်ကြရန်အတွက် စာကြည့်တိုက်များ၏ အခန်းကဏ္ဍနှင့် စာကြည့်တိုက်ယဉ်ကျေးမှုထွန်းကားရေးကိုလုပ်ဆောင်ကြရန် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များနှင့်အညီ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း တိုင်းဒေသကြီးအတွင်း စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုများကို စဉ်ဆက်မပြတ်ကြီးကြပ်ခြင်း၊ ပံ့ပိုးကူညီခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း” အဖွင့်အမှာစကားပြေားကြားခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးက ဝါးခယ်မမြို့နယ် အတွင်းရှိ စာကြည့်တိုက်များအတွက် စာအုပ်စာစောင်များပေးအပ်လှူဒါန်းခဲ့ပြီးနောက် အ.ထ.က(၁) ကျောင်းသား၊ ကျောင်းသူများက “ပညာဘဏ်တိုက်စာကြည့်တိုက်သို့ သွားကြစို့” သီချင်းဖြင့် ကပြသီဆိုဖျော်ဖြေခြင်း၊ အ.ထ.က ကျုံမ‌ငေးကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “အသီးတစ်ရာအညှာတစ်ခု”သီချင်းဖြင့် သရုပ်ပြဖျော်ဖြေခဲ့ကြရာ ဖျော်ဖြေရေးအဖွဲ့များအား တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်၍ အခမ်းအနားအားပိတ်သိမ်းခဲ့‌သည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးနှင့်တာဝန်ရှိသူများက စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွင်း ခင်းကျင်းပြသထားသော စာအုပ်စာစောင်များ၊ လှပသာယာပြည်မြန်မာဓာတ်ပုံပြခန်း၊ ထူးချွန်ထင်းရှား ဧရာဝတီတိုင်းသားဓာတ်ပုံပြခန်း၊ ပြိုင်ပွဲများ၊ ဌာနဆိုင်ရာပြခန်းများနှင့် စာအုပ်အရောင်းဆိုင်များ ကျင်းပနေမှုအားလှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)