ညောင်လေးပင်မြို့တွင် အခြေခံပညာအထက်တန်းကျောင်းများ၌ လူငယ်စကားဝိုင်းများကျင်းပ

ညောင်လေးပင် ဒီဇင်ဘာ ၃

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၌ လူငယ်များအသိပညာပိုမိုတိုးတက်လာစေရန်၊ ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့်သတ္တိများရှိလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းမှစ၍  ပိန်းဇလုပ်မြို့နှင့် တော်ဝိစံပြကျေးရွာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းများ၌ လူငယ်စကားဝိုင်းများကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများက အဖွင့်အမှာစကားအသီးသီးပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နီနီဝင်းက လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နီနီဝင်းက ဦးဆောင်ဆွေးနွေးကာ Grade(11)နှင့် Grade(12) ကျောင်းသား၊ ကျောင်းသူ (၁၁)ဦးမှ ဆေးလိပ်ရဲ့ဆိုးကျိုးများနှင့် အကျိုးအပြစ်များ၊ Onlineမှ sharing လုပ်ခြင်း၊  လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းအရာများ၊ ဘဝတွက်တာကျွမ်းကျင်စရာ၊ social media ကျန်းမာရေးဆောင်းပါးများ၊ အာရောဂျံပရမံလာဘံ ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါး၊ ကိုယ့်စိတ်ကိုကိုယ်နိုင်ရမည်အကြောင်းအရာများ ခေါင်းစဥ်များဖြင့် အသီးသီး ဆွေးနွေးသွားခဲ့ကြပြီး  တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများက မိမိတို့သိရှိလိုသည့်အကြောင်းအရာများကို ခေါင်းစဉ်အလိုက်မေးမြန်းခဲ့ရာ သက်ဆိုင်ရာခေါင်းစဥ်အလိုက်ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါလူငယ်စကားဝိုင်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အသိပညာပေး နံရံကပ်စာစောင်များအား ကျောင်းသား/ကျောင်းသူများမှ စိတ်ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)