ပခုက္ကူ ဒီဇင်ဘာ ၃
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်သည်။
ဟောပြောပွဲတွင် ပခုက္ကူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုချိုမာနှင့်ဝန်ထမ်းများက ကလေးအလုပ်သမား၏အဓိပ္ပါယ်၊ ကလေးအလုပ်သမား၏ အသက်အရွယ်နှင့် အလုပ်ချိန်သတ်မှတ်ချက်များ၊ ကလေးအလုပ်သမားများ၏ အခွင့်အရေးနှင့်ဥပဒေဆိုင်ရာပြဋ္ဌာန်းချက်များ၊ ဆိုင်များနှင့်အလုပ်ဌာနများဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များ၊ မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်များနှင့်ရည်မှန်းချက်များ၊ အဆိုးရွားဆုံးပုံစံဖြင့် အလုပ်ခိုင်းစေသူများအား အရေးယူအပြစ်ပေးနိုင်သည့် ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းတို့ကို အသိပညာပေးရှင်းလင်း ဟောပြောကြသည်။
ဆက်လက်၍ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းရှိ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)