မြို့သစ် ဒီဇင်ဘာ ၃
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့နယ်အတွင်း ဒေသခံပြည်သူများစည်းကမ်းတကျ အမှိုက်စွန့်ပစ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ မြို့ပြသန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက်ကြိုးပမ်းလုပ်ဆောင်လျက်ရှိသည်။
ထိုသို့ မြို့ပြသန့်ရှင်းသာယာလှပရေးလုပ်ငန်းများဆောင်ရွက်ရာ၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ၏ ကြီးကြပ်မှုဖြင့်ဝန်ထမ်းများပူးပေါင်းအဖွဲ့က အမှိုက်သိမ်းယာဉ်တစ်စီးဖြင့် မြို့တွင်းရေစီးရေလာကောင်းမွန်စေရေးအတွက် ဆောင်ရွက်ထားရှိသည့် စည်ပင်သာယာစျေးပတ်ဝန်းကျင်လမ်းဘေး(ဝဲ/ယာ)ရှိ အုတ်ရေနုတ်မြောင်းများရှိ သဲနုန်းနှင့်ရွှံ့နွံများ၊ သစ်ရွက်ခြောက်များနှင့် အမှိုက်သရိုက်များ၊ တောင်တွင်းကြီး- မြို့သစ်- နတ်မောက်ကားလမ်း ဘေးဝဲ/ယာရေစီးရေလာကောင်းမွန်စေရေးအတွက် သဲနုန်းနှင့် ရွှံနွံများဆယ်ယူရှင်းလင်းခြင်း၊ သစ်ရွက်ခြောက်များနှင့် အမှိုက်များရှင်းလင်းခြင်းများကို ရေစီးရေလာကောင်းမွန်စေရန်နှင့် ဒေသခံပြည်သူလူထုကျန်းမာရေးဆိုးကျိုးအန္တရာယ်ကင်းဝေးစေရန် စနစ်တကျ စုပေါင်းဆောင်ရွက်ခဲ့သည်။
မြို့သစ်မြို့နယ်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေးအတွက် နေ့စဉ်အမှိုက်သိမ်းယာဉ်ဖြင့် မြို့ပေါ်(၅)ရပ်ကွက်အတွင်းနှင့် မြို့ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်စေရန် စည်းကမ်းမဲ့စွန့်ပစ်အမှိုက်များ ကောက်ယူရှင်းလင်းခြင်း၊ မြို့တွင်းရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်ခြင်း၊ မြို့တွင်းလမ်းဘေးပလက်ဖောင်းများ သစ်လွင်တောက်ပစေရန်ဆေးသုတ်ခြင်း၊ မြို့ပြလှပစေရန်အတွက်( We Love Myo thit) ဆိုင်းဘုတ်ဘေးပတ်လည်း၌ သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ မြို့တွင်းစိမ်းလန်းစိုပြည်စေရန် စိုက်ပျိုးထားရှိသော Flower Box များဆေးသုတ်ခြင်းနှင့် ပန်းအလှပင်များရေဖျန်းခြင်း၊ မြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ စည်ပင်သာယာဈေး၌ အပတ်စဉ်ဈေးသန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ပြည်သူလူထုစနစ်တကျအမှိုက်စွန့်ပစ်နိုင်ရန် အမှိုက်များလိုက်လံသိမ်းဆည်းပေးခြင်းစသည့် မြို့ပြသန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း မြို့သစ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိထံမှ သိရသည်။
သန်းဝင်းထွန်း (မြို့သစ်)