မင်းဘူး(စကု)မြိုနယ်၌ ဆောင်းသီးနှံနေကြာ ၂၆၅၅၃ ဧက စိုက်ပျိုးပြီးစီး

မင်းဘူး  ဒီဇင်ဘာ  ၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု) မြို့နယ်ရှိ ကျေးရွာများ၌ ဆောင်းနေကြာသီးနှံများကို (၂၆၅၅၃) ဧက စိုက်ပျိုးပြီးစီးနေကြပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ထိုသို့စိုက်ပျိုးရာတွင် ဒေသခံတောင်သူများ နေကြာမျိုးကောင်းမျိုးသန့်၊ မျိုးစေ့များကို စနစ်တကျရွေးချယ်စိုက်ပျိုးနိုင်ရေးနှင့် စိုက်ပျိုးသည့်နည်းစနစ်မှန်ကန်စေရေးတို့အတွက် စိုက်ပျိုးရေးဝန်ထမ်းများက စိုက်ခင်းထဲအရောက် ကွင်းဆင်း၍  စိုက်ပျိုးစေခဲ့သည်။

ဆောင်းနေကြာသီးနှံစိုက်ပျိုးရန် မြေယာပြုပြင်ခြင်းများ ဆောင်ရွက်ပြီးချိန်တွင် မျိုးစေ့တစ်ဧက နှစ်ပြည်နှုန်းသုံးစွဲကာ ကြဲပက်နှင့် ကြောင်းစွဲခြင်းစနစ်ဖြင့် အများဆုံးစိုက်ပျိုးကြပြီး ရေဆင်းစပ်မျိုး၊ ဆင်းရွှေကြာ (၂) နှင့် အိန္ဒိယမျိုးများကို အများဆုံး ရွေးချယ်စိုက်ပျိုးလေ့ရှိကြောင်း၊ ဆီထွက်သီးနှံများထဲတွင် နေကြာစိုက်ပျိုးခြင်းသည် စိုက်ပျိုးစရိတ်ကုန်ကျမှု အသက်သာဆုံးဖြစ်ပြီး ဒေသခံတောင်သူများ စီးပွားရေး ပိုမိုတွက်ချေကိုက်သည့်အတွက် ဆောင်းနေကြာကို အများဆုံး အားထားစိုက်ပျိုးကြကြောင်း ရေပုတ်ကျေးရွာ နေကြာစိုက်တောင်သူ ဦးသောင်းနိုင်က ပြောကြားခဲ့သည်။

မင်းဘူး(စကု)မြို့နယ်၌ ယခုနှစ် စိုက်ပျိုးရာသီတွင် ဆောင်းသီးနှံအဖြစ် နေကြာစိုက်ပျိုးခြင်းကို ဧကပေါင်း ၃၀၀၀၀ ကျော် လျာထားကာ ယနေ့အထိ ၂၆၅၅၃ ဧက စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်း မင်းဘူးမြို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဇေယျာနိုင်(ရွှေကန်မြေ)