ကျုံပျော်မြို့ မြို့မဈေးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်

ကျုံပျော် ဒီဇင်ဘာ ၃

ပြည်သူများ မီးဘေးအန္တရာယ်ကြောင့် နစ်နာဆုံးရှုံးမှုမရှိစေရေး၊ ဈေးအတွင်းရှိ ကုန်စည်များ မီးဘေးအန္တရာယ်ကျ‌ရောက်မှုမရှိစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့ မြို့မဈေးအတွင်း၌ ယမန်နေ့မွန်းလွဲ ၂ နာရီက ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာသို့  စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်မောင်သန်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းမင်းနိုင်၊ ခေတ္တမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး တင်လှိုင်၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှူး ဦး‌အောင်စိန်ဘွင့်နှင့် မီးသတ် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဈေးမီးဘေးလုံခြုံရေးအဖွဲ့များနှင့် ဈေးသူဈေးသားများ တက်ရောက်ခဲ့ကြ ပြီး၊ မီးသတ်တပ်ဖွဲ့နှင့် ဈေးမီးဘေးလုံခြုံရေးအဖွဲ့များပူးပေါင်းကာ အောက်ဆီဂျင်ဖြတ် မီးငြိမ်းသတ်နည်း၊ မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်နည်းနှင့် ရေဖြင့်ပက်ဖျန်းမီးငြှိမ်းသတ်နည်းတို့ကို လက်တွေ့သရုပ်ပြသကာ ဇာတ်တိုက် လေ့ကျင့်ခဲ့ကြသည်။

ထို့နောက် တာဝန်ရှိသူများက ဈေးအတွင်း မီးသတ်ဆေးဘူးနှင့် မီးငြှိမ်းသတ်ကိရိယာများ အသင့်ထားရှိမှုနှင့် လျှပ်စစ်အသုံးပြုမှုများ စနစ်တကျရှိ/မရှိတို့ကို ဈေးဆိုင်များသို့ လိုက်လံ စစ်ဆေးခဲ့ကြသည်။ ကျုံပျော်မြို့ မြို့မဈေးအတွင်း မီးဘေးလုံခြုံရေးအတွက် အသင့်သုံး မီးသတ်ရေငုတ်များ၊ ရေစက်နှင့်မီးသတ်ရေပိုက်များ၊ မီးသတ်ဆေးဘူးများအပြင် သဲပုံးရေပုံးနှင့် မီးချိတ်မီးကပ်များကိုလည်း အဆင်သင့် အသုံးပြုနိုင်ရန် ဆောင်ရွက်ထားရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)