ဓနုဖြူမြို့နယ်၌ စီမံအုပ်ချုပ်ရေးအဖွဲ့ကြီးကြပ်မှုဖြင့် အခြေခံစားသောက်ကုန်များအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချ

ဓနုဖြူ ဒီဇင်ဘာ ၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ကုန်စျေးနှုန်းတည်ငြိမ်ရေး၊ ကျဆင်းရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေး ဦးစီးကော်မတီ၏ ကြီးကြပ်မှုဖြင့် အိမ်ထောင်စုများအား ကြက်ဥ၊ ဘဲဥများကို သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးခြင်းကို နိုဝင်ဘာ(၂၉)ရက်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်း လူစည်ကားရာနေရာများ၌ ရောင်းချပေးခဲ့သည်။

ဓနုဖြူမြို့နယ်အတွင်း ကုန်စျေးနှုန်းတည်ငြိမ်စေရန်အတွက် အိမ်ထောင်စုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ်စားသုံးသူ ရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ အမှတ်(၅)ရပ်ကွက်၊ အခွန်လွတ်စျေးနှင့် အမှတ်(၂)ရပ်ကွက်၊ ဦးအောင်ဇေယျဓမ္မာရုံရှေ့များတွင် ကြက်ဥတစ်လုံးလျှင် (၃၅၀)ကျပ်နှုန်း၊ ဘဲဥတစ်လုံးလျှင် (၅၀၀)ကျပ်နှုန်းဖြင့် စျေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့​ပြီး ဒေသခံပြည်သူများ အခြေခံစားသောက်ကုန်ဖြစ်သည့် ကြက်ဥ၊ ဘဲဥ များကို ခြံစျေးဖြင့် ချိုသာသောစျေးနှုန်းဖြင့် ဝယ်ယူနိုင်စေရေး ခရိုင်အတွင်းရှိ ခြံလုပ်ငန်းရှင်များနှင့်ညှိနှိုင်းကာ နေ့စဥ် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)