ကြို့ပင်ကောက် ဒီဇင်ဘာ ၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခမ်းမ၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ(၂၉)ရက်နေ့နံနက် (၉) နာရီခွဲအချိန်က ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်ဇေယျက အဖွင့်အမှာစကား ပြောကြားရာတွင် အုပ်ချုပ်ရေးလုပ်ငန်းများ၊ လုံခြုံရေးလုပ်ငန်းများ အထူးဂရုစိုက်ကြရန်၊ စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်၍ ပန်းတိုင်စိုက်ပျိုးသီးနှံ(၁၀)မျိုးအနက်မှ နွေစပါးနှင့် ဆောင်းသီးနှံ မတ်ပဲ၊ ပဲတီစိမ်း အထွက်နှုန်း တိုးတက်ရရှိအောင် ဆောင်ရွက်ရန်၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား သက်ဆိုင်ရာ တာဝန်ရှိသူများမှ ပူးပေါင်းအကောင်အထည်ဖော် ကြိုးပမ်းဆောင်ရွက်ကြရန်၊ ဒေသတွင်းစားနပ်ရိက္ခာ ဖူလုံပိုလျှံရေးအတွက် မွေးမြူရေးလုပ်ငန်းများကို ပိုမိုကြိုးပမ်းဆောင်ရွက်ကြရန်တို့ကို ပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးမှာကြားခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာများမှ ကျန်းမာရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ ပညာရေးကဏ္ဍနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တင်ပြဆွေးနွေးကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက သက်ဆိုင်ရာကဏ္ဍအလိုက် လမ်းညွှန်မှာကြား၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇေယျာထွန်း (ပြန်/ဆက်)