ရွှေတောင်မြို့နယ်တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရွှေတောင် ဒီဇင်ဘာ ၃

ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ(၂၈)ရက်နေ့ နေ့လယ်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်က စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပနိုင်ရေးနှင့်ပတ်သတ်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပွဲတော်အတွင်း ထည့်သွင်းကျင်းပသွားမည့် ပြပွဲ၊ ပြိုင်ပွဲများ၊ စာပေဟောပြောပွဲများ၊ ကြိုဆိုနေရာချထားရေး အစီအစဉ်များ ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က ဖွင့်ပွဲအခမ်းအနား ကြိုတင်ပြင်ဆင်နိုင်ရေး၊ ပြပွဲပြိုင်ပွဲများတွင် ကျောင်းသား၊ ကျောင်းသူများ ပါဝင်ဆင်နွဲနိုင်ရေး၊ ပါဝင်ဆင်နွဲသည့် ကျောင်းသား၊ ကျောင်းသူများအား လက်ဆောင်များ ပြန်လည်ပေးအပ်နိုင်ရေးပွဲတော်သို့ ကျောင်းသား၊ ကျောင်းသူများ လာရောက်လေ့လာနိုင်ရေး၊ ပြိုင်ပွဲတွင် ဆုရသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်နိုင်ရေးစသည့် အစီအစဉ်များအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာများက ကဏ္ဍအလိုက် ဆွေးနွေးကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ တာဝန်ရှိသူဌာနဆိုင်ရာများ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွှေတောင်မြို့နယ်တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါပွဲတော်တွင် စာပေဟောပြောပွဲ၊ ပြိုင်ပွဲများ၊ စာအုပ်စာစောင်ပြပွဲများ၊ ပြခန်းများနှင့်အတူ စာအုပ်စျေးရောင်းပွဲတော်နှင့် MSME ပြခန်းများကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုကိုမင်း(ပြန်/ဆက်)