ကန့်ဘလူ ဒီဇင်ဘာ ၂
လူငယ်လူရွယ်များနှင့် ဒေသခံပြည်သူများ လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ကွန်ပျူတာပညာရပ်များကို စနစ်တကျ လေ့လာကျွမ်းကျင် တတ်မြောက်စေရန်နှင့် အလုပ်အ ကိုင်အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်ခဲ့သည့် ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဥ်( ၆/၂၀၂၄)ဆင်းပွဲကို နိုဝင်ဘာ ၂၈ ရက်မွန်းလွဲ (၂) နာရီက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကွန်ပျူတာအခြေခံသင်တန်းဆင်းပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က သင်တန်းသားများအနေဖြင့် သင်တန်းမှ သင်ကြားပေးခဲ့သော အခြေခံနည်းပညာများကို ပိုမိုတိုးတက်ကောင်းမွန်အောင် ဆက်လက်သင်ယူဖို့လိုအပ် ကြောင်း၊ ဒေသတွင်းအလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေး၊ လက်ရှိဝန်ထမ်းများနှင့် လုပ်ငန်းခွင် ဝင်ရောက်ရန် ပြင်ဆင်နေကြသော လူငယ်လူရွယ်များအတွက် ယခုသင်တန်းကို ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ တာဝန်ရှိသူများက သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်ကို တစ်ဦးချင်းပေးအပ်ခဲ့ကြောင်းနှင့် အဆိုပါသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ၁၀ ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလ တစ်လတာတွင် Microsoft Word၊ Excel ၊ Power Point စသည့်ဘာသာရပ်များကို စာတွေ့/လက်တွေ့ သင်ကြားပေးခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ပြန်/ဆက်)