ကျုံပျော် ဒီဇင်ဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်စည်ပင်သာယာရေးအဖွဲ့က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ရေးနှင့် ပြည်သူများ တစ်ခါသုံးပလပ်စတစ်အိတ် လျော့နည်းသုံးစွဲစေရေးအတွက် အပတ်စဉ်တနင်္ဂနွေနေ့တိုင်း ပလပ်စတစ်အိတ်ဖြင့် ဈေးမရောင်းရနေ့အဖြစ် အသိပညာပေးလုပ်ငန်းဆောင်ရွက်ခြင်းကို ကျုံပျော်မြို့မဈေးအတွင်း၌ ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးခင်မောင်သန်းနှင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနတာဝန်ရှိသူများပူးပေါင်း၍ ဈေးရောင်းချသူများအား ပလပ်စတစ်အိတ်သုံးစွဲမှု ရှိ၊ မရှိ စစ်ဆေးပြီး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။ ထိုသို့ အပတ်စဉ် စစ်ဆေးမှုကြောင့် မြို့နယ်အတွင်းရှိဈေးများ၌ ပလပ်စတစ်အိတ် အသုံးပြုမှုလျော့ချလာနိုင်ကြောင်း သိရသည်။
ထိုသို့ ပလပ်စတစ်အိတ်ဖြင့် ဈေးမရောင်းရနေ့သတ်မှတ်ခြင်းကို မြို့နယ်အတွင်းရှိ မြို့မဈေး၊ အထောင်ဈေးနှင့် ပျံကျဈေးများ အားလုံးတွင်လည်း သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် အသိပေးနှိုးဆော်၍ အများပြည်သူပါဝင်နိုင်အောင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)