အထက်မင်းလှ ဒီဇင်ဘာ ၂
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မလွန်မြသပိတ်စေတီတော်မြတ်ကြီး၏ (၇၇)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၈)နာရီက မြသပိတ်စေတီတော်မြတ်ကြီး၏ မြောက်ဘက်မုခ်ဦးတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိတ်သတ်တို့က နမေတဿ (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ကာ ဩဝါဒဆရာတော်ကြီးများမှ ပရိတ်တရားတော်များချီးမြှင့်ခဲ့ကာ ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲဆိုင်းဘုတ်အား အန္တရာယ်ကင်းပရိတ်နံ့သာမေတ္တာရေ ပက်ဖျန်းပေးခဲ့သည်။ ထို့နောက် ဗုဒ္ဓပူဇနိယပွဲတော်အား တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
မင်းလှမြို့နယ်တွင် (၇၇)ကြိမ်မြောက် မလွန်မြသပိတ်ဘုရားဗုဒ္ဓပူဇနိယပွဲတော်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂)ရက်နေ့မှ (၁၁)ရက်နေ့အထိ (၁၀)ရက်တိုင် ကျင်းပပြုလုပ်မည်ဖြစ်ရာ ဘုရားပွဲတော်သို့ အနယ်နယ်အရပ်ရပ်မှ ဈေးရောင်းချသူများက ဈေးဆိုင်ခန်းများ ခင်းကျင်းရောင်းချလျက်ရှိကြောင်း သိရသည်။ ဘုရားပွဲတော်သို့ လာရောက်လည်ပတ်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)